Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်းကြည့်ရှု

ပဲခူး ဩဂုတ် ၉

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့် အတူ ဩဂုတ်လ(၉) ရက်နေ့၊ နံနက်(၉:၃၀)အချိန်က သနပ်ပင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ ကမာစဲကျေးရွာရှိ ဦးဝင်းထိုက်မောင်၏ ဥစားဘဲကောင်ရေ(၂၅၀၀၀)နှင့် ဘဲသားပေါက်ကောင်ရေ(၆၅၀၀)မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ပြီး ဒေသတွင်း စားသုံးမှုဖူလုံစေရေး၊ ဈေးကွက်ခိုင်မာမှုရရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန် စေရေးနှင့် တိရိစ္ဆာန်အစာများ တစ်ပိုင်တစ်နိုင်ထုတ်လုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဘဲမွေးမြူရေးခြံအတွင်းရှိ ဘဲသားဖောက်စက် လည်ပတ်နေမှုအား ကြည့်ရှုခဲ့ သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကမာစဲကျေးရွာရှိ နန်းအိလှိုင် အသားတိုး ကြက်မွေးမြူရေးခြံနှင့် ဦးမောင်ဦး၏ ဧက(၆၀)ငါးမွေးမြူရေးကန်သို့ ရောက်ရှိခဲ့ပြီး တိရိစ္ဆာန်အစာများ တန်ဖိုးသင့်နှုန်းထားဖြင့်ရရှိနိုင်ရေးနှင့် တွက်ချေကိုက်ဈေးကွက်တစ်ခုရရှိစေရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ ရောက်ရှိခဲ့ကာ စခန်းတာဝန်ခံ ဒေါ်စန်းစန်းဦးမှ မျိုးငါးမွေးမြူထားရှိမှု၊ ငါးသားပေါက်ထုတ်လုပ်မှုနှင့် ငါးမျိုးစိုက်ထည့်မှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆည်/ တမံ/ မြစ်/ ချောင်းများအတွင်းသို့ ဒေသငါးမျိုးများ အချိန်မီရာနှုန်းပြည့် ငါးမျိုးစိုက်ထည့်သွားရန်၊ ဒေသခံငါးမွေးသူများ ကိုလည်း ဒေသငါးမျိုးများ ဖြန့်ဖြူးပေးရန်နှင့် ဘထ္ထရီရှော့တိုက် ငါးဖမ်းဆီးမှုများအား ထိထိရောက်ရောက် တားဆီး အရေးယူဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ် ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိခဲ့ပြီး ဆေးရုံအုပ်ကြီးကမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် Oxygen Plant တည်ဆောက်ရန် မြေနေရာရှင်းလင်းနေမှု အခြေအနေများအား တင်ပြခဲ့ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက   Oxygen Plant အတွက် လုံခြုံရေးနှင့် လျှပ်စစ်မီးရရှိရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စုပေါင်းအလှူငွေဖြင့် Oxygen Plant တည်ဆောက်လှူဒါန်းမည့် မြို့မိ/မြို့ဖများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သနပ်ပင်ဆေးရုံအတွက်  Oxygen Concentrator (၂)လုံးနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်း များကိုလည်းကောင်း၊ စေတနာ့ဝန်ထမ်းများအတွက် PPE Level(1) အထည်(၁၀၀)၊ Hand Gel ၊ Maskနှင့် ထောက်ပံ့ငွေကျပ်(၅) သိန်းအားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဆင်ဖြူကွင်းသုဿာန်သို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် မှာယူထားသည့် မီးသင်္ဂြိုလ်စက်အသစ် ရောက်ရှိနေမှုနှင့် မီးသင်္ဂြိုလ်စက် တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကာ သတ်မှတ်ချိန်အတွင်း အပြီးတည်ဆောက်ရန်နှင့် နာရေးလာသူများအား ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ သင်္ဂြိုလ်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး စေတနာ့ဝန်ထမ်းများအား PPE Level(1) အထည်(၅၀)နှင့် ထောက်ပံ့ငွေကျပ်(၅)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။