Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

သာယာဝတီ စက်တင်ဘာ ၂၄

===================

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ဧရာကျော်ဆန်စက်သို့ ရောက်ရှိခဲ့ပြီး စွန့်ပစ်စပါးခွံသုံးလျှပ်စစ်ဓါတ်အားပေးစက်(Gasifier) (၃၅၀)ကီလိုဝပ်ဖြင့် တစ်ရက်လျှင် တန်(၁၂၀)ကျ ဆန်စက်လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဆိုးထုတ်စနစ်များ ကောင်းမွန်စေရန်၊ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ထွက်ရှိလာသည့် စပါးခွံဖွဲများအား လောင်စာတောင့်များ ထုတ်လုပ်သွားရန်နှင့် ဆန်ကြိတ်ခွဲရာမှထွက်ရှိလာသည့် ဆန်ကွဲနှင့် ဖွဲနုများအား တိရစ္ဆာအစာဖြစ် အသုံးပြုနိုင်ရေး မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက် ရှိ “တင့်တင့်”ကရေကရာမုန့်လုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး မုန့်ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်အား ကြည့်ရှုစစ် ဆေးခဲ့ကာ ထုတ်ပိုးမှုစနစ်များ နိုင်ငံတကာအဆင့်မီဆောင်ရွက်နိုင်ရေး၊ သန့်ရှင်းလတ်ဆက်မှုရှိစေရေး၊ တာရှည်ခံ ဓါတုဆေးဝါးများမသုံးစွဲစေရေး၊ ထုတ်ကုန်များ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး လိုအပ်သည့်စက်ပစ္စည်းများဝယ်ယူရန် ချေးငွေရရှိနိုင်ရေး စိစစ်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာ အုပ်စု၊ တောင်သူ ဒေါ်ကြူကြူဝင်း၏ ကြဲခင်းစနစ်၊ တိုက်ရိုက်အစေ့ချစနစ်နှင့် ပျိုးထောင်စိုက်စနစ်တို့ဖြင့် စိုက်ပျိုးထား ရှိသော မိုးစပါးစိုက်နည်းစနစ်ယှဉ်ပြိုင်ခြင်း စမ်းသပ်ကွက်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်နည်းစနစ် ယှဉ်ပြိုင် ခြင်း စိုက်ခင်းများသည် စိုက်ပျိုးထားရှိရုံဖြင့်မရဘဲ ဒေသခံတောင်သူများအား ခေါ်ယူပြသခြင်း၊ အသိပညာပေး ခြင်း၊ ရိတ်သိမ်းချိန်တွင်လည်း ဒေသခံတောင်သူများအား ခေါ်ယူ၍ စိုက်နည်းစနစ်အလိုက် စပါးအထွက်နှုန်းကို လက်တွေ့သိရှိစေရန်နှင့် စပါးတွင်ကျရောက်ကျတတ်သည့် ရောဂါနှင့် အဖျက်ပိုးများ နှိမ်နင်းခြင်းအား ခွဲခြား သင်ကြားပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ်၊ မကျီးချောင်းကျေးရွာရှိ ဦးမင်းမင်းထွန်း၏ အသားစားကြက်ကောင်ရေ(၂၄၀၀၀) မွေးမြူထားသည့် အဆင့်မြင့်ကြက်ခြံသို့ ရောက်ရှိခဲ့ ပြီး ဒေသတွင်း အသားစားသုံးမှုဖူလုံပိုလျှံစေရေး တိုးချဲ့မွေးမြူရန်နှင့် ဥစားကြက်၊ ဆိတ်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မွေးမြူရေးခြံအတွင်း မြေလပ်မရှိ ဈေးကွက်ဝင် သီးပင်/စားပင်များ စိုက်ပျိုးသွားရန်နှင့် လျှပ်စစ်မီးလိုအပ်ချက်အပေါ် ဆိုလာစနစ်ဖြင့် အသုံးပြုနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။