Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓါတ်အား အစားထိုးသုံးစွဲနိုင်ရေး Gasifier တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓါတ်အား အစားထိုးသုံးစွဲနိုင်ရေး Gasifier တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေး

သာယာဝတီ နိုဝင်ဘာ ၁၈

==========

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲ ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓါတ်အား အစားထိုးသုံးစွဲနိုင်ရေး Gasifier တည်ဆောက်နေမှုများအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ သင်တောရိုးကျေးရွာအုပ်စု၊ တောင်သူ ဦးရဲနိုင်၏ မိုးစပါး ရွှေနံ့သာပေါ်ဆန်း ရိတ်သိမ်းခြွေလှေ့နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရွှေနံ့သာပေါ်ဆန်းသည် ပြည်တွင်း/ပြည်ပ ဈေးကွက်ဝင်မည့် စပါးမျိုးဖြစ်၍ တိုးချဲ့စိုက်ပျိုးနိုင်ရေး အသိပညာပေးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရွှေနံ့သာပေါ်ဆန်း မျိုးအား တောင်သူများပူးပေါင်းပါဝင်သည့် မျိုးစေ့ထုတ်စိုက်ခင်းများ စတင်ဆောင်ရွက်လျက်ရှိပြီး ရွှေနံ့သာပေါ်ဆန်း အထူးဇုန်များဖော်ထုတ်ဆောင် ရွက်သွားရန်နှင့် ဒေသခံတောင်သူများအတွက် အထွက်နှုန်းကောင်းပြီး ဈေးကွက်ခိုင်မာမှုရှိသည့် စပါးမျိုးများ  လိုအပ်ချက်မရှိ အပြည့်အဝရရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

အဆိုပါ ရွှေနံ့သာပေါ်ဆန်း စပါးမျိုးအား သာယာဝတီခရိုင်အတွင်း လယ်မြေဧရိယာ(၁၅)ဧက၌ တောင်သူများပူးပေါင်းဝင်သည့် မျိုးစေ့ထုတ်စိုက်ခင်းများအဖြစ် စိုက်ပျိုးခဲ့ရာ တစ်ဧကလျှင်(၁၀၅.၅၀)တင်း နှုန်း ထွက်ရှိခဲ့ပြီး လာမည့်နွေရာသီတွင် မိုးစပါးမှ ရရှိလာသည့် မျိုးစေ့များဖြင့် ရွှေနံ့သာပေါ်ဆန်း မျိုးစေ့ ထုတ်စိုက်ခင်း ဧက(၈၀၀)ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

             ထို့နောက် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ မိုးဆီစက်သို့ ရောက်ရှိခဲ့ပြီး ဗီယက်နမ်မြေပဲဖြင့် ပဲဆီကြိတ်ခွဲနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ပသွင်းကုန် အစားထိုးဖြစ်ပြီး ဈေးနှုန်းချိုသာစွာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ရောင်းချနိုင်ရေး၊ ကုန်ကြမ်းပစ္စည်းဖြစ်သည့် မြေပဲများ လွယ်ကူစွာဝယ်ယူ နိုင်ရေး၊ ဆီသန့်စင်ခြင်းစနစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ချေးငွေနှင့် နည်းပညာရရှိနိုင်ရေး၊ ဘေးကင်းလုံခြုံသည့် ထွက်ကုန်ဖြစ်စေရေးအတွက် FDA စစ်ဆေးထောက်ခံချက် ရရှိနိုင်ရေးနှင့် ထွက်ရှိ လာသည့် ပဲဖက်/နှမ်းဖက်များဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ကိုင်းပြင်ကြီးမြောက်စုကျေးရွာ၌ တောင်သူ ဦးလပြည့်၏ မတ်ပဲ TBL-9 စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပင်ပေါက်နှုန်းကောင်းပြီး ပိုးမွှားဒဏ်ခံနိုင်သည့် ထရိုင်ကိုဒါးမား ဆေးရည်များ သုတ်လိမ်းပြီးမှ ခုတ်ဖုံးစနစ်ဖြင့်စိုက်ပျိုးသွားရန်နှင့် ပဲတီစိမ်းခူးပြီး ပါကပဲပင်များအား သဘာဝမြေဩဇာအဖြစ် ပြန်လည်သုံးစွဲနိုင်ရေး အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြို့ပင်ကောက်မြို့၊ တမံဆည် ကျေးရွာ၊ လုပ်ငန်းရှင် ဦးသိန်းထွန်း (စံကောင်းခေတ်ဆန်စက်)၌ Gasifier ထုတ်လုပ်တပ်ဆင်နေမှုနှင့် တစ်ရက် တန်(၃၀)ကျဆန်စက်အား Gasifier ဖြင့် လည်ပတ်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ် ဓါတ်အား အစားထိုးသုံးစွဲနိုင်ရေး ဆောင်ရွက်သည့်လုပ်ငန်းဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရေး အသိပညာပေး ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။