Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့

သာယာဝတီ ဇန်နဝါရီ ၇
===============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီ(၆)ရက်နေ့၊ မွန်းလွဲပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၂၄၉)၊ ဦးပိုင်မှတ်(၃)၊ မြေဧရိယာ(၁၄)ဧကတွင် တောင်သူ ဦးမြင့်ထွေးမှ စပါးတစ်မျိုးတည်း တစ်နှစ်(၄)သီးအား လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး တစ်နှစ်(၄)သီး စိုက်ပျိုးခြင်းမှ ပဲတစ်မျိုးအား (၁)သီး ထည့်သွင်းစိုက်ပျိုးပါက မြေဆီမြေနှစ် ပိုမိုကောင်းမွန်မည်ဖြစ်ပြီး အထွက်နှုန်းများ တိုးတက်နိုင်မှာဖြစ်ကြောင်း၊ ရိတ်သိမ်းရန် တစ်လခန့်အလိုတွင် ကြိုတင်ပျိုးထောင်ခြင်းအားဖြင့် စိုက်ပျိုးချိန်တိုတောင်းပြီး တောင်သူများအတွက် တွက်ချေကိုက်သည့် စိုက်ပျိုးနည်းစနစ်ဖြင့်၍ ဒေသခံတောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် စိုက်ပျိုးချိန်နှင့် ရိတ်သိမ်း ချိန် မှန်ကန်စေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဂုံးမင်းမြောင်ကျေးရွာ၌ လုပ်ငန်းရှင် ဦးမြင့်ထွေးမှ ဘက်စုံလယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ခိုင်မာမှုရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ်(၅၂.၄၀)သန်းဖြင့် ရန်ကုန်-ပြည်လမ်းမှ အထက်ချောင်းသုံးခွကျေးရွာအထိ အရှည်(၀.၆)မိုင်၊ အကျယ်(၁၀)ပေရှိ ဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် လမ်းဘေးဝဲယာ အရိပ်ရသီးပင် စားပင်များ တစ်ပါတည်း စိုက်ပျိုးထားရှိမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာချင်းဆက် လမ်းများသည် မြို့ပြနှင့်ကျေးလက် တိုက်ရိုက်ချိတ်ဆက်သည့် လမ်းများဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ အချိန်နှင့်တစ်ပြေးညီ သုံးစွဲနေရသဖြင့် ရေရည်တည်တံ့နိုင်ရေး သက်ဆိုင်ရာ ကျေးရွာများအလိုက် လမ်းကော်မတီများဖွဲ့စည်း၍ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ အင်းဘိုကုန်း ကျေးရွာအုပ်စုနှင့် ထန်းပင်ကုန်းကျေးရွာအုပ်စုတို့ရှိ ယခင်က တစ်နှစ်(၁)သီးသာ စိုက်ပျိုးနိုင်သည့် ရေကြီး ရေနက်ကွင်း၌ မြေဧရိယာ(၂၀၀၀)ဧကတွင် တစ်နှစ်(၂)သီး စိုက်ပျိုးနိုင်ရေး (၃)ဧကလျှင် (၁)တွင်းနှုန်းဖြင့် မြေအောက်ရေ စက်ရေတွင်း(၆၆၇)တွင်းနှင့် လက်နှိပ်ရေတုံကင်(၆၆၇)ခုအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေကျပ်(၂၃၁)သန်းဖြင့် ဆောင်ရွက်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေအတွက် အဓိကထားဆောင်ရွက်ခြင်းဖြစ်၍ ရေကြောကောင်းမွန်စွာထွက်ရှိသည်အထိ ဆောင်ရွက်ရန်နှင့် ပိုက်နှင့် ဆက်စပ်ပစ္စည်းများ သတ်မှတ်အရည် အသွေးများအတိုင်း တပ်ဆင်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံ တောင်သူများအား လက်နှိပ်ရေတုံကင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။