Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း “Robusta” ကော်ဖီမျိုးစေ့ပေးအပ်ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်းပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း “Robusta” ကော်ဖီမျိုးစေ့ပေးအပ်ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်းပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်

ပဲခူး ဇန်နဝါရီ ၁၂

=============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း(၃၆/၄)ရှိ ကြယ်နီသုံးလုံးရာဘာစက်ရုံ၌ ကျင်းပပြုလုပ်သည့် “Robusta” ကော်ဖီမျိုးစေ့ပေးအပ် ပွဲနှင့် ပျိုးထောင်နည်း၊ စိုက်ပျိုးနည်း ပညာပေးသင်တန်းသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကော်ဖီသီးနှံသည် ကမ္ဘာ့ဈေးကွက်ရရှိနေသော သီးနှံဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့်ကော်ဖီသည် ကမ္ဘာ့ဈေးကွက်ဝင်ဖြစ်၍ နိုင်ငံမှ ကော်ဖီစိုက်ပျိုး နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကော်ဖီသီးနှံသည် ကုန်းမြင့်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုးများရှိသလို ပဲခူးတိုင်းဒေသကြီး၏ ရာသီဥတုနှင့်ကိုက်ညီသည့် ကမ္ဘာ့ဈေးကွက်ဝင် “Robusta” မြေနိမ့်ကော်ဖီမျိုးများလည်းရှိကြောင်း၊ သစ်တောအစုအဖွဲ့ လုပ်ငန်းရှင်များ၊ နှစ်ရည်သီးနှံပင် စိုက်ပျိုးသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စိုက်ပျိုးသော သစ်တောပင်များမှ ဝင်ငွေရရှိသလို “Robusta” ကော်ဖီကို သီးညှပ်စိုက်ပျိုးခြင်းအားဖြင့် (၂)သီးပေါ်မှ ဝင်ငွေပိုမိုတိုးတက်ရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုဖြန့်ဖြူးပေးမည့် “Robusta” ကော်ဖီမျိုးသည် တစ်ဧကလျှင်(၂.၈၄)တန် ထွက်ရှိနိုင်သဖြင့် ကြိုးစားဆောင်ရွက်ကြစေလို ကြောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့စိုက်ပျိုးထားသော နှစ်ရှည်ပင်၊ သစ်တော စိုက်ခင်းများတွင် ကြားသီးနှံကော်ဖီကို လာမည့်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်း ဧက(၁၀၀၀)ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက “Robusta” မြေနိမ့်ကော်ဖီ စိုက်ပျိုးရာတွင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ စိုက်နည်းစနစ်များနှင့် အကျိုးအမြတ်ရရှိနိုင်သည့် အခြေ အနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးခရိုင်နှင့် တောင်ငူခရိုင်ကိုယ်စားပြု ကော်ဖီစိုက်ပျိုးမည့်လုပ်ငန်းရှင်များအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်ကိုယ်စားပြု ကော်ဖီစိုက်ပျိုးမည့်လုပ်ငန်းရှင် များအားလည်းကောင်း ကော်ဖီမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကော်ဖီအစေ့ပျိုး ထောင်မှုအခြေအနေနှင့် ရာဘာစိုက်ခင်းအတွင်း “Robusta” မြေနိမ့်ကော်ဖီ (၃)နှစ်သား စိုက်ပျိုးထားရှိမှု၊ အပွင့်/အသီး စတင်နေမှု အခြေအနေများအား လက်တွေ့ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးမည့် ကော်ဖီ လုပ်ငန်းရှင်များအား လက်တွေ့ရှင်းလင်း သရုပ်ပြပေးခဲ့ကြောင်း သတင်းရရှိသည်။