Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် အသားစားသုံးမှု ဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် အသားစားသုံးမှု ဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

ဒိုက်ဦး ဇန်နဝါရီ ၂၃

================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ CPP Myat Min Agro Co., Ltd ၏ အစေ့ထုတ်ပြောင်း (၆၀၀)ဧကစိုက်ပျိုးထားရှိမှုနှင့် အစေ့ထုတ်ပြောင်း မျိုးစေ့သန့်စင်စက် လည်ပတ်နေတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျန်ရှိသည့် မြေများအား စိုက်ပျိုးမြေအဖြစ် အမြန်ဆုံးဖော်ထုတ် စိုက်ပျိုးသွားရန်နှင့် ဒေသခံတောင်သူများ စီးပွားဖြစ်အစေ့ထုတ်ပြောင်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားနိုင် ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ ကွင်းအမှတ် (၃၁၄-ခ)၊ မြေဧရိယာ(၁၃၅.၁၁)ဧကအား တိုင်းဒေသကြီးအစိုးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၃၂.၂၀)ဖြင့် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါး စိုက်ပျိုးချိန်မီပြီးစီးနိုင်ရေး၊ ကုန်ထုတ်လမ်းနှင့် ရေသွင်းမြောင်းများ တစ်ပါတည်းပြီးစီးအောင်  ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာစိုက်ပျိုးနည်းများ၊ ပန်းတိုင်အထွက်နှုန်း မရှိသည့် မျိုးဟောင်းများအစား မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး ယူရီးယားဓါတ်မြေဩဇာများ ထောက်ပံ့ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိုးဖိုစုကျေးရွာ စားဖိုဆောင်သီးနှံစိုက်ခင်းနှင့် ရွှေအင်ဒုံကျေးရွာ ဟင်းသီးဟင်းရွက်(ပဲတိုင်ထောင်စိုက်ခင်း)တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စပါး စိုက်ပျိုးပြီး ပဲစိုက်ပျိုး၍မရသည့် နေရာများတွင် စားဖိုဆောင်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် နိုင်ငံခြား ဈေးကွက်ဝင်ပြီး ပြည်တွင်းစားသုံးမှုလည်းရှိသည့် ကြက်သွန်နီစိုက်ခင်းများ စမ်းသပ်စိုက်ပျိုးရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဆင်စခန်းကျေးရွာ တောင်သူဒေါ်ညို၏ ရေဆင်း-၁၄ ပဲတီစိမ်း (၂၀၀) စိုက်ပျိုးထားရှိမှုနှင့် ဒိုက်ဦးမြို့နယ်၊ လေးအိမ်စုကျေးရွာရှိ ပဲတီစိမ်း ရေဆင်း-၁၁၊ ရေဆင်း-၁၆နှင့် ဩဇီမျိုး ယှဉ်ပြိုင်စံပြကွက်သို့ ရောက်ရှိခဲ့ပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီပြီး ရောဂါပိုးဒဏ်ခံနိုင်သည့် ဩဇီ မျိုးအား တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ဒေသခံတောင်သူများသည် လက်တွေ့မြင်မှ လက်ခံယုံကြည်သဖြင့် မြို့နယ်အလိုက် မျိုးယှဉ်ပြိုင်စံပြကွက်များ ထူထောင်၍ တောင်သူအသိပညာပေးခြင်း များ လက်တွေ့ဆောင်ရွန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူ ဦးအောင်မြင့်၏ ပျိုးထောင်စိုက်ပျိုး ထားသည့် နွေစပါး ဆင်းသုခမျိုး မြေဧရိယာ(၇၀)ဧကနှင့် ပနွတ်ကျေးရွာ ဦးသိန်းမြင့်၏ နွေစပါး ဆင်းသုခမျိုး မြေဧရိယာ(၁၀၀၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုတို့နှင့် မင်္ဂလွန်းကျေးရွာ၌ ဒေသနွား(၈၀)ကောင်၊ ဒေသဆိတ်(၃၀၀)ကောင်နှင့် အသားစားဘဲကောင်ရေ (၃၀၀၀)မွေးမြူထားရှိမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ခြံလှောင်စနစ်များဖြင့် မွေးမြူသွားရန်၊ တိရစ္ဆာန်အစာ အစားထိုး နေဗီယာမြက်စိုက်ပျိုးရန်နှင့် ဒေသတွင်း အသားစားသုံးမှု ဖူလုံပိုလျှံစေရေး မျိုးကောင်းမျိုးသန့်များ တိုးပွားလာစေရေး မျိုးချောင်းဖြင့် မျိုးဆက်ခြင်း လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။