Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၆

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အမြန်ဆုံးအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ချမှတ်ပေး ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက အတူပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းမှ ထွက်ရှိလာသည့် MSMEs ထွက်ကုန်များသည် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အဓိကထား အသုံးပြုရန်နှင့် အရည်အသွေးနှင့်ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွား ရမှာဖြစ်ကြောင်း၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်ရန်လိုအပ်ပြီး မြေလပ်မရှိစိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်း သီးနှံစိုက်စွမ်းအား၊ သီးထပ်စွမ်းအား ပိုမိုတိုးတက်စေရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မကြာမီ ဘဏ္ဍာရေးနှစ်ကုန်ဆုံးတော့မည်ဖြစ်၍  သတ်မှတ်ထားသည့် တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး သက်ဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များက အနီးကပ်ကြီးကြပ်ဆောင် ရွက်သွားရမှာဖြစ်ကြောင်း၊ ရုံးလုပ်ငန်းနှင့် ရုံးစာများ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက် ရန်နှင့် Social Media ပေါ်မှ သတင်းအမှားများနှင့်ပတ်သက်၍ သတင်းအဆိပ်သင့်မှုများမဖြစ်ပေါ်စေရေး အောက်ခြေဌာနဆိုင်ရာများသို့ အသိပေးရှင်းလင်းပြောကြားသွားရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအလိုက် လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျ ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ စီးနင်းမှု မရှိစေရေး ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးနှင့် တရာဥပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှု အခြေအနေများ၊ ရသင့်ရထိုက်သည့် အခွန်ငွေနှင့် ကြွေးကျန်ကိစ္စရပ်များအပေါ် ဖြေရှင်းဆောင်ရွက် သွားရမည့်နည်းလမ်းများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်များ အား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ သင်တန်းကျောင်း များရှိ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများက အေးချမ်းတည်ငြိမ်စွာ ပုံမှန်ရုံးလုပ်ငန်းများ ဆောင်ရွက်နေ မှုနှင့် ပညာသင်ကြားမှု ဆိုင်ရာကိစ္စရပ်များ၊ အားကစားယှဉ်ပြိုင်မှုဆိုင်ရာကိစ္စရပ်များနှင့် သီးခြားလိုအပ်ချက် များအား တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဌာနတစ်ခုချင်းအလိုက် တင်ပြချက်များ ပေါ် အသေးစိတ်ပြန်လည်လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။