Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၃၀

==========

    တိုင်းဒေသကြီးကိုယ်စားပြုမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်များပေါ်ထွန်းလာစေရေး ရည်ရွယ်ကာ ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံး အားကစား ကွင်း၌ ဇန်နဝါရီလ(၃၀)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

     ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ အားကစားဝါသနာရှင်များက ပဲခူးခရိုင်အသင်း နှင့် နတ်တလင်းခရိုင်အသင်းတို့ နောက်ဆုံးဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြရာ နတ်တလင်းခရိုင်အသင်းက (၂:၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

     ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးနောက်တန်းဆု၊ အကောင်းဆုံးအလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆုနှင့် အကောင်းဆုံး အားကစားသမားဆု ရရှိသူများအား တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ ဆုတံဆိပ် နှင့်ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြပြီး တတိယဆုရရှိသော တောင်ငူခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းအား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းမှလည်းကောင်း၊ ဒုတိယဆု ရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဉီးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သိန်းကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကလည်းကောင်း၊ ပထမဆုရရှိသော နတ်တလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်မှလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

      ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမဆုရရှိသော နတ်တလင်းခရိုင် ဘောလုံးအသင်းအား ငွေသားဆုကျပ်(၁၀)သိန်းနှင့် ပထမတံခွန်စိုက်ဆုဖလားတို့ကိုပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။

     ၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်၊ ပြည်၊ သာယာဝတီ၊ နတ်တလင်း စသည့် ခရိုင်(၆)ခရိုင်မှ ဘောလုံးအသင်း(၆)သင်းပါဝင်ပြီး အုပ်စု(၂)အုပ်စုခွဲ၍ ဇန်နဝါရီလ (၂၀)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပဲခူး​မြို့ ဟံသာဝတီယူနိုက်တက်အားကစားကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ကြကြောင်း သတင်းရရှိသည်။