Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် ဖေဖော်ဝါရီ ၃

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၂)ရက်နေ့၊ နံနက် ပိုင်းက ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ သရေခေတ္တရာပျူမြို့ဟောင်း သို့ ရောက်ရှိခဲ့ပြီး အတွင်းနန်းတော်ကုန်းတောင်ဘက် ကျုံးတူးဖော်နေမှုနှင့် ကျောက်ကာသိမ်ပြတိုက် အတွင်းရှိ ဗုဒ္ဓဆင်းတုတော်ပါရုပ်ကြွကျောက်ချပ်ကြီးများနှင့် ပျူကျောက်စာချပ်ကြီးများ တူးဖော်ထားရှိမှု အခြေအနေတို့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က လိုက်လံရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သရေခေတ္တရာပျူမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ယဉ်ကျေးမှုဇုန်သို့ (၄)လမ်းသွား အဝင်/အထွက်လမ်း (တာဂွ-နဂါးတွန့်အပိုင်း) (၄)ဖာလုံ ဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ဆင်စုရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေး ၌ ဆင်းနေကြာ-၂ မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပန်းတောင်းမြို့နယ်၊ ရွှေညီနောင် ကျေးရွာ၌ ကုလားပဲ၊ မတ်ပဲ တစ်ကွင်းတစ်ဆက်တည်း ဧက(၈၁၀)စိုက်ခင်း၌ နေကြာသီးညှပ်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နေကြာစိုက်ခင်းများတွင် ပျားပုံးများချထား ဆောင်ရွက်ရန်နှင့် သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် နွေရာသီတွင် နွေနှမ်းနှင့်အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် တုံကင်သုံးရေတွင်းများတူးဖော်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ ဂျင်းရဲကျွန်း ကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း ဗီယက်နမ်မြေပဲ (၁၇၄၁)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သီးညှပ်အနေဖြင့် ပဲစဉ်းငုံများကြားညှပ် စိုက်ပျိုးနိုင်ရေးနှင့် အသိပညာပေးခြင်းလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၀၀)ဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်ဖြူကျေးရွာသို့ သွားရာလမ်း ဖောက်လုပ်နေမှုနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဆိတ်ကောင်ရေ(၂၂၆) နှင့် ဘိုအာဆိတ်မျိုး(၂၄)ကောင် မျိုးဆက်ပွားဆိတ်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ မြေလပ်မရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ ကျေးရွာလမ်း များအား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကျေးရွာအဝင်တံတားအား ပြန်လည်ပြုပြင်ဆောင်ရွက် ရန် တာဝန်ရှိသူများအား လမ်ညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။