Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

ပြည် ဖေဖော်ဝါရီ ၅

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ် (၅၈၅.၇၀၃)သန်းဖြင့် ငွေအသပြာဆိုလာရေတင်စနစ်ဖြင့် တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးထား သည့် ပြည်မြို့နယ်၊ ကြခတ်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိရိုးဖလာစိုက်ပျိုး နည်းစနစ်များအစား သိပ္ပံနည်းကျစိုက်နည်းစနစ်များ ပြောင်းလဲနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိသည့် ဈေးကွက်ရှိပြီး သက်တမ်း တိုသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသီးနှံအလိုက် ကျရောက်တတ်သည့် ရောဂါနှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စိုက်ပျိုးမြေများအား မြေလပ်မရှိ စိုက်ပျိုးသွားနိုင်ရေး အကျယ့်တဝင့်ရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီး စိုက်ပျိုးဦးစီးဌာနမှူးက ရေ၊ မြေ၊ သဘာဝနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် ကွင်းသရုပ်ပြပွဲများ ကျင်းပပြုလုပ်ပေး ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ် သည့် တန်ဖိုးသင့်လက်ဆွဲကောက်စိုက်စက်ဖြင့်လည်းကောင်း၊ Drum Seeder ဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုး စနစ်ဖြင့်လည်းကောင်း နွေစပါးကွင်းသရုပ်ပြစိုက်ပျိုးနေမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ကုန်းဇင်းကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မတ်ပဲမျိုးစေ့ထုတ်စံပြစိုက်ခင်း(၁၀)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကာ သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စွမ်းအား ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် ကုန်းဇင်းကျေးရွာအုပ်စု၌ တစ်နှစ်(၃)သီး ဧက(၁၀၀၀)တိုးတက်စေရေးအတွက် သဘာဝ ချောင်းငယ်အား မြေသားချောင်းပိတ်တမံ ဆောင်ရွက်ပေးနိုင်ရေး တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ မြရွာကျေးရွာရှိ စိန်ကမ္ဘာဦးကုမ္ပဏီ၊ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးအလုပ်ရုံသို့ရောက်ရှိခဲ့ရာ လုပ်ငန်းရှင် ဦးဇေယျာဦးမှ ကြံသီးနှံစိုက်ပျိုးသည့်စက်ကိရိယာနှင့် ကြံသီးနှံမြေဩဇာချစက်ကိရိယာထုတ်လုပ်မှု အဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသခဲ့ရာ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိ သော်လည်း ဒေသခံတောင်သူအများစုတွင် လုပ်သားရှားပါးမှုပြဿနာကို အဓိကကြုံတွေ့နေရသဖြင့် တန်ဖိုးနည်းဘက်စုံသုံး စိုက်ပျိုးရေးကိရိယာများကို တီထွင်ဖန်တီးထုတ်လုပ်ရန် လိုအပ်လျက်ရှိပြီး ယခုလို တောင်သူလယ်သမားများအတွက် လယ်ယာသုံးစက်ကိရိယာထုတ်လုပ်နေမှုအပေါ် ကြိုဆိုအားပေးကြောင်း၊ ထပ်မံ၍လည်း ပဲသီးနှံဆေးဖြန်းစက်များနှင့် အခြားလယ်ယာသုံးစက်ကိရိယာများ ကို တိုးချဲ့ထုတ်လုပ်နိုင်ရေး လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာများရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သတင်းရရှိသည်။