Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

မိုးညို ဖေဖော်ဝါရီ ၁၈

================

             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ မွန်းပိုင်းက မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

              ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညိုမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စုရှိ ဦးစိန်လှိုင်၏ ငါးမွေးမြူရေးကန် မြေဧရိယာ (၁၇၁)ဧက၌ ငါးမြစ်ချင်း၊ မြက်စားငါးချင်းနှင့် ငါးမုတ် စုစုပေါင်းကောင်ရေ (၁၈၀၀၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

                  ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညိုမြို့နယ်၊ ဗောဓိကုန်း ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး တုံကင်သုံးရေတွင်း (၁၂၉)တွင်း တူးဖော်ပေးခဲ့မှုအပေါ် တစ်ကွင်းတစ်ဆက်တည်း အစေ့ထုတ်ပြောင်း မြေဧရိယာ(၁၇၆၀)ဧက  စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီးစိုက်ဧကများ တိုးတက်စေရန် စိုက်ပျိုးရေရရှိရေး တုံကင်သုံးရေတွင်းများ ထပ်မံတူးဖော်ပေးနိုင်ရေး၊ စိုက်ပျိုးရေကို အကျိုးရှိရှိသုံးစွဲနိုင်ရေး၊ အစေ့ထုတ်ပြောင်းသည် တိရစ္ဆာန်အစာထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်း ဖြစ်သည့်အပြင် နိုင်ငံခြားဝင်ငွေရရှိသည့် သီးနှံဖြစ်၍ တိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်သည်များ ပံ့ပိုး ဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေဖြင့် ဆိုလာရေတင်စနစ်များ အသုံးပြုနိုင်ရေး စိစစ်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်ကြားခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သွင်းအားစုများ ထောက်ပံ့ပေး အပ်ခဲ့သည်။

                  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညိုမြို့နယ်၊ ထိန်တောဈေး အသစ်ပြန်လည် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီမရောက်မီ အမြန်ဆုံး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အခြေခံပညာ အထက်တန်းကျောင်း(ထိန်တော)၌ ကျောင်းချိန်ပြင်ပ အချိန်ပိုပညာသင်ကြား နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းအတွင်းရှိ စာသင်ခုံအဟောင်းများ ပြန်လည်ပြင်ဆင် သွားရန်နှင့် မိဘဆရာ ပူးပေါင်း၍ အနာဂတ်ကလေးငယ်များ၏ ပညာရေးကောင်းမွန်စေရန် ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ ဖိုးကတိုး ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်စန်းအေးအေးမော်၏ ဥစားကြက်ကောင်ရေ(၁၅၀၀၀) မွေးမြူထားရှိ မှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း အသားစားသုံးမှုနှင့် ဥစားသုံးမှု ဖူလုံပိုလျှံစေရေး နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူရန်နှင့် မြို့နယ်အလိုက် ဖွင့်လှစ်ပေးထားသည့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများအရောင်းဆိုင်နှင့် ချိတ်ဆက်၍ ဒေသခံပြည်သူများအတွက် သက်သာသောနှုန်းထား ဖြင့် ရောင်းချပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။