Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၁၉

================

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂွေးချောင်းကျေးရွာ အုပ်စုရှိ တစ်ကွင်းတစ်ဆက်တည်း အထွက်နှုန်းကောင်း နွေစပါး(၁၅၀)ဧက စုပေါင်းဓါတ်မြေဩဇာကြဲပတ် နေမှုနှင့် သမန်းနိုးခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်စိုက်နည်းစနစ်များအတိုင်း အချိန်မှန်ဆောင်ရွက်ပါက ပန်းတိုင်အထွက်နှုန်း ကျော်လွန်နိုင်မည်ဖြစ်၍ ကျေးရွာများအလိုက် ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ ရှိ ဦးရဲလင်းစိုး၏ “ပြည်ကျော်”တန်(၈၀)ကျဆန်စက်၌ ပဲခူးတိုင်းဒေသကြီး၏ စက်မှုထုတ်ကုန်တစ်ခုဖြစ်သော Gasifier စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေးစက်ဖြင့် ဆန်စက်လည်ပတ်နေမှုနှင့် စပါးအခြောက်ခံစက် လည်ပတ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးခွံများအား ထင်းအစားထိုး လောင်စာ တောင့်များအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်ရန်နှင့် လောင်ကျွမ်းပြီးဖွဲများအား သဘာဝမြေဩဇာ ထုတ်လုပ် နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်ဝိုင်းကျေးရွာအုပ်ရှိ ဦးခင်မောင်လွင် ၏ စေ့ထုတ်ပြောင်း စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများအတွက် အလွန်အကျိုးရှိသည့် စိုက်ပျိုးသီးနှံတစ်ခုဖြစ်၍ အခြေခံမျိုးရွေးချယ်ခြင်း၊ စတင်စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းချိန် အထိ စိုက်ပျိုးနည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကွင်းဆင်းအသိပညာပေးခြင်းအပြင် ဒေသတွင်း မျိုးစေ့ထုတ်လုပ်ခြင်း၊ စံပြစိုက်ခင်းများ ထူထောင်ခြင်းတို့အား ဆောင်ရွက်သွားရန်၊ တစ်ဧကတွင် အပင်ဦးရေ (၂၃၀၀၀)မှ (၂၅၀၀၀)ထိ ပင်ကြား တန်းကြားမှန်ကန်စွာ စိုက်ပျိုးနိုင်ပါက အစေ့ထုတ်ပြောင်း ပန်းတိုင်အထွက် နှုန်း ကျော်လွန်ရောက်ရှိနိုင်မှာဖြစ်၍ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ သာယာဝတီခရိုင်အတွင်း ယခင်နှစ်က အစေ့ထုတ်ပြောင်း မြေဧရိယာ (၈၉၉၁)ဧကသာ စိုက်ပျိုးခဲ့ရာမှ ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် သီးထပ်စွမ်းအား တိုးတက်လာပြီး အစေ့ထုတ်ပြောင်း(၃၉၁၂၄)ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့တွင်း တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်၌ စီမံကိန်းတာဝန်ခံမှ တံတား တည်ဆောက်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့မှုပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ရောင်ပြန်အမှတ်အသားများ၊ သတိပေးဆိုင်းဘုတ်များ ပြည့်စုံစွာချထားရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။