Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးတိုင်း(အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ပြည် မတ် ၂

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေဿကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း (အနောက်ခြမ်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နတ်တလင်းမြို့၊ အထွေထွေရောဂါကု တိုးချဲ့(၂)ထပ် အဆောက်အဦသစ် ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်၊ သတ်မှတ်အခန်းများအလိုက် လိုအပ်သည့် စက်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ အချိန်မီတပ်ဆင်သွားရန်နှင့် ဆေးရုံဝန်းအတွင်း မြေယာ ရှုခင်းများ လှပသေသပ်စေရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး ဘက်စုံမွေးမြူရေးဇုံ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုခဲ့ရာ မွေးမြူသည့် တိရစ္ဆာန်အမျိုးအစားလိုက်ခွဲခြားပြီး မြေကွက်နေရာမဲနှိုက်ချထားပေးခဲ့မှုအခြေအနေများ၊ လမ်းဖောက်လုပ် ထားရှိမှု၊ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်သွားနိုင်မည့် အခြေအနေများအား ကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်ပြီး အမှန် တကယ် မွေးမြူသူများအား ခွင့်ပြုထားပေးခြင်းဖြစ်၍ အမြန်ဆုံးမွေးမြူနိုင်ရေး ဆောင်ရွက်ပေးရန်၊ ခြံလှောင်မွေးမြူရမည့် စနစ်ဖြစ်၍ မွေးမြူရေးခြံတည်ဆောက်၍မရသည့် နေရာများတွင် တိရစ္ဆာန်အစာ အတွက် နေဗီယာမြက်စိုက်ပျိုးရန်၊ သဘာဝမြေဩဇာ စက်ရုံလာရောက်တည်ဆောက်မည်ဖြစ်၍ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများအတွက် စျေးကွက်တစ်ခု ရရှိလာနိုင်ကြောင်း၊ တိရစ္ဆာန်နှင့်ပတ်သက်သည့် ဆေးဆိုင် များ၊ အစာဆိုင်များ ထည့်သွင်းဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေး အဆင့်မြင့် မွေးမြူရေး ကျင့်စဉ်များအတိုင်း လိုက်နာမွေးမြူနိုင်ရေးနှင့် တိရစ္ဆာန်မွေးမြူမှု တိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ရှမ်းစုကျေးရွာ၌ မွေးမြူရေး လုပ်ငန်းရှင် ဦးသိန်းဆွေ၏ ဇီဝဇိုးငှက် မွေးမြူရေးသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး အတွင်း အလာအလာရှိသည့် MSMEs ထုတ်ကုန်တွင် ငှက်သိုက် ပါရှိနေပြီး တိုင်းဒေသကြီးအတွင်း ဇီဝဇိုးငှက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လာသည်ကို တွေ့ရှိနေရပြီး ငှက်သိုက်ကုန်ကြမ်းမှ အသင့်သောက်သုံးနိုင်သည့် ငှက်သိုက်အားဖြည့်ရည်အဖြစ် ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာ၌ တစ်နှစ်(၃)သီးစိုက် တစ်ကွင်းတစ်ဆက်တည်း လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် နွေစပါး (၅၀)ဧက စုပေါင်းဓါတ်မြေဩဇာကြဲပတ်နေမှုနှင့် သမန်းနှိုးခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေး ခဲ့ပြီး စိုက်နည်းစနစ်ပြောင်းလဲခြင်း၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲခြင်း၏ အကျိုးရလဒ်အား ဒေသခံ တောင်သူများအား ခေါ်ယူအသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။