Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု

ပဲခူး မတ် ၄

=============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြေဧရိယာ(၄၀)ဧကအား စနစ်ကျလယ်ယာမြေ ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ် စွမ်းအား တိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာစေရေး စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပေးခြင်းဖြစ်၍ မြေလပ်မရှိ စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးရေအား စနစ် တကျ အလေအလွင့်မရှိ သုံးစွဲနိုင်ရေး ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားရောဂါနှင့် တုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများအား ရှင်းလင်း ပြောကြားခဲ့ပြီး ဒေသခံတောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လက်ပံတန်းမြို့၊ မြို့မရပ်ကွက်ရှိ လုပ်ငန်းရှင် ဦးမင်းမင်းစိုး၏ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ထုတ်လုပ်လျက်ရှိသော စားဖိုမှူးငရုတ်ဆီအလုပ်ရုံသို့ သွားရောက်အားပေးခဲ့ပြီး ဒေသတွင်း ဈေးကွက်အချင်းချင်း ချိတ်ဆက်မှာယူဆောင်ရွက်နိုင်ရေး၊ ထုတ်ပိုးမှုစနစ်များ နိုင်ငံတကာအဆင့်မီ အဆင့်မြှင့် တင် ဆောင်ရွက်ရန်နှင့် FDA ထောက်ခံချက်ရရှိနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါး မျိုးစေ့ထုတ်(၂၀၀)ဧက စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုနှင့် စုပေါင်းဓါတ်မြေဩဇာကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ ဒေသတွင်း အထွက်နှုန်းကောင်း မျိုးကောင်း မျိုးသန့်များ ဖူလုံစေရေးနှင့် မျိုးစေ့ထုတ်စိုက်ခင်းများ၌ မျိုးကွဲနှုတ်ပယ်ခြင်းများကိုလည်း အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး နွေစပါးစိုက်တောင်သူ များအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ လုပ်ငန်းရှင် ဦးဇော်မင်းဦး၏ တံမြက်စည်းအလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်း ပစ္စည်းများဖြင့် ကုန်ချောထုတ်လုပ်၍ အန္ဒိယနိုင်ငံသို့ တစ်ဆင့်ခံပေးပို့နေရသဖြင့် တိုက်ရိုက်တင်ပို့နိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်နိုင်ရေးအတွက် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။