Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် မတ် ၂၇

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် မတ်လ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ တစ်နှစ်(၃)သီးစိုက်ဧရိယာအတွင်း တောင်သူဦးဝင်းလှိုင်မှ ဗီယက်နမ်ဆန်မွှေးစပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်ဧကလျှင် တင်း(၁၃၀)ကျော် ထွက်ရှိနိုင်သည့် စပါး မျိုးဖြစ်ပြီး ဒေသတွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်ရရှိနိုင်မှုပေါ်မူတည်၍ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်နှင့် မြို့နယ်တိုင်းရှိ ဌာနပိုင်မျိုးစေ့သန့်စင်စက်များအား အသုံး ပြု၍ သန့်စင်ပြီးမျိုးစေ့များကို တောင်သူများအား စိုက်ပျိုးစေခြင်းအားဖြင့်  အဖျင်းအမှော်ကင်းရှင်းပြီး အထွက်နှုန်းတိုးတက်လာနိုင်မည်ဖြစ်သဖြင့် ဒေသခံတောင်သူများအား ရှင်းလင်းအသိပညာပေးရန် တာဝန် ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ မထောကျေးရွာအုပ်စု၌ ကြက်သွန်စိုက်ခင်းများ ရိတ်သိမ်းနေမှုများအပေါ် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ မြေဧရိယာ(၃၇၇)ဧကသည် ယခင်က ရေကြီးရေနက်ကွင်းဖြစ်ပြီး တစ်နှစ် ဆောင်းပဲ(၁) သီးသာ စိုက်ပျိုးနိုင်သော်လည်း ယခုအခါ တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေရှိရေး စီစဉ်ဆောင်ရွက်ပေးခဲ့မှုကြောင့် စားဖိုဆောင်သီးနှံ ကြက်သွန်နီအား သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်ရာ တစ်ဧကလျှင် ကြက်သွန်ပိဿာ(၆၀၀၀)ကျော် ထွက်ရှိပြီး တစ်ဧကအပေါ် အသားတင်အမြတ်ငွေ ကျပ်သိန်း(၆၀)ကျော် အကျိုးအမြတ်ရရှိခံစားရကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရေခေတ္တရာပျူမြို့ဟောင်းသို့ ရောက်ရှိခဲ့ ပြီး တို်ငးဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ပျူကျောက်စာချပ်ကြီးများ ပြန်လည်တူဖော်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ရှေးဟောင်းလက်ရာပုံစံအတိုင်း ပျက်စီးမှုမရှိစေရေး စနစ်တကျ တူးဖော်ရန်၊ လာရောက် လေ့လာကြည့်ရှုသူများ အဆင်ပြေစေရေး ကျောက်စာရုံကြီးများ ပြန်လည်အဆင့်မြှင့်တင်သွားရန် လမ်းညွှန် မှာကြားခဲ့သည်။ ၎င်းနောက် အတွင်းနန်းတော်ရာကုန်းရှိ တောင်ဘက်ကျုံး ပြန်လည်တူးဖော် ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးယခင် ရေဝင်ရေလဲများအတိုင်း မြေပြင်အနိမ့်အမြင့် သေချာတွက်ချက်၍ တူးဖော်သွားရန်၊ ကျုံးအတွင်း အစဉ်အမြဲ ရေများစီးဆင်းနိုင်စေရေး တစ်ဆင့်ခံရေကန် များနှင့် သဘာဝချောင်းရိုးများ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။