Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မတ် ၃၀

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၉)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်သည့် နေရာဒေသကျယ်ဝန်းခြင်း၊ လုပ်သားပေါကြွယ်ဝခြင်း၊ တည်ရှိပြီး စက်ရုံ/အလုပ်ရုံများ၌ အလုပ်ရှင် အလုပ်သမားပြဿနာမရှိခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုများစသည့် အခြေခံ ကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဆက်သွယ်ပြောကြား ထားမှုများရှိကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအားလုံးအတွက်လည်း လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသလို တည်ရှိပြီး လုပ်ငန်းများ ထပ်မံတိုးချဲ့လုပ်ကိုင်လာကြကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို အခြေခံပြီး ပေါင်းဆန်ထုတ်လုပ်သည့် ဆန်စက်ကြီးများ၊ ဆီစက်ကြီးများ၊ သား/ငါး အအေးခန်းစက်ရုံများ၊ ဆိုလာစက်ရုံများ၊ မြေဩဇာစက်ရုံကြီးများ စသည်တို့ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်လာခြင်းနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ပြီး နိုင်ငံအတွက်လည်း တိုင်းပြည်ဝင်ငွေ ပိုမိုတိုးတက်ရရှိလာနိုင်မှာဖြစ်၍ တက်ရောက်လာသည့် ကော်မတီဝင် များနေဖြင့် တိုင်းဒေသကြီးအကျိုး၊ နိုင်ငံ့ကောင်းကျိုးရှေးရှု၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် Ayar Yoma Agriculture and Trading Co., Ltd မှ အဆင့်မြင့်ဆန် အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် လျှောက်ထားလာမှုနှင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှုနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွင်း ထပ်မံဝင်ရောက်လာမည့် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်ဝင်ရောက်နိုင်ရေး အခွင့်အလမ်းကောင်းများနှင့် လျှင်မြန်လွယ်ကူစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကျပ် (၅၆၅၄.၇၃၆) သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း(၅၆)ဦး ဖန်တီးပေးနိုင်ခဲ့သည်။ တိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၁၉၈.၀၁၅)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ်(၈၁၁၁၁.၀၁၁)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းစုစုပေါင်း (၁၁၅၃၇)ဦး ဖန်းတီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။