Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုပံ့ပိုးကူညီဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုပံ့ပိုးကူညီဆောင်ရွက်

ပြည် ဇွန် ၁၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်နှင့် ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီးရှိ ပြည်မွေးမြူရေးဇုံသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ရှင်းလင်းဆောင်၌ တိရစ္ဆာန်အမျိုးအစားအလိုက် မြေနေရာ ခွဲဝေချထားမှု၊ မွေးမြူရေးခြံများ ဆောက်လုပ်နေမှု၊ မွေးမြူနေမှုတို့အား တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြေလပ်များတွင် တိရစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးရန်၊ ခြံလှောင် မွေးမြူသည့်စနစ်ဖြစ်၍ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများအား သဘာဝမြေဩဇာထုတ်လုပ်သွားရန်၊ တိရစ္ဆာန် ကူးစက်ရောဂါကျရောက်မှုမရှိစေရေး အပတ်စဉ်စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်သွား ရန်၊ ဒေသကြက်နှင့် အသားစား/ဥစားကြက်များ တိုးချဲ့မွေးမြူသွားရန်၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ဂန္ဓမာစက်မှုဇုန်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော ဦးအောင်ဇင်မင်း၏ ပဲမျိုးမျိုးချွေလှေ့စက် ထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပဲရိတ်စက်များ၊ ပဲအမျိုးမျိုး အစေ့ချစက်များ စမ်းသပ်ထုတ်လုပ်သွားရန်နှင့် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများအား သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ နဝဒေးရပ်ကွက်၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် လက်ဆွဲကောက်စိုက်စက် အောင်မြင်စွာထုတ်လုပ်ပြီး မြန်မာပြည်အနှံ့ ဖြန့်ဖြူး ရောင်းချလျက်ရှိသော ရွှေဝါထွန်းကုမ္ပဏီ၏ အလုပ်ရုံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လက်ဆွဲ ကောက်စိုက် စက်၏ အပိုပစ္စည်းများ ထုတ်လုပ်သွားရန်၊  လက်ဆွဲကောက်စိုက်စက် တွင်အသုံးပြုသည့် ပျိုးထောင်နည်းစနစ်များလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ အင်္ဂူကျေးရွာ အုပ်စု၌ ယခင်တစ်နှစ်(၁)သီးစိုက်လယ်မြေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မိရိုးဖလာ စိုက်နည်းစနစ်မှုမှ ခေတ်မီစိုက်နည်းစနစ် ပြောင်းလဲပေးခြင်း၊ သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲပေးနိုင်ခြင်းနှင့် သီးထပ်စွမ်းအား တိုးတက်စေရေးအတွက် စံပြကွက်များ စိုက်ပျိုးပြသခဲ့မှုကြောင့် ဒေသခံတောင်သူများမှ တစ်နှစ်(၂)သီး အောင်မြင်စွာ စိုက်ပျိုးလုပ်ကိုင်နေမှုတို့ အား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။