Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါး ပေါက်များ ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါး ပေါက်များ ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ငူ ဇူလိုင် ၅

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့ ကေတုမတီမြို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါး ပေါက်များ ပြန်လည်ဖော်ထုတ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အေဒီ (၁၄၈၆-၁၅၃၁)အတွင်း မင်းကြီးညိုတည်ထောင်ခဲ့သည့် တောင်ငူ ကေတုမတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးနေရာများ၊ ရှေးဟောင်းအဆောက်အအုံများသည် တန်ဖိုးမဖြတ်နိုင် သည့် ယဉ်ကျေးမှုအမွေအနှစ်များဖြစ်၍ နှစ်စဉ်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် ထိန်းသိမ်းခြင်း၊ ပြန်လည်တူးဖော်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အထင်ကရ နေရာများ၊  အဆောက်အအုံများနှင့် မြို့တံခါးပေါက်များအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီးရှေးဟောင်းသုတေသနဦးစီးမှူးတို့က ကေတုမတီမြိို့ဟောင်း ကျုံး၊ မြို့ရိုးနှင့် မြို့တံခါးပေါက်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေး သမိုင်း ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက်ဖြင့် ပြန်လည်ဖော်ထုတ် ထိန်းသိမ်းထားရှိသည့် တောင်ငူမြို့၊ အနောက်ဘက် ကေတုမတီမြို့ဟောင်းကျုံး၊ မြို့ရိုးနှင့် ရွှံ့နွံကျုံးတူးဖော်ထားရှိမှုနှင့် စစ်ရင်းတံခါးပေါက် ပြန်လည်ဖော်ထုတ်မည့် နေရာများသို့ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် ထိန်းသိမ်း စောင့်ရှောက်ထားသည့် တောင်ငူမြို့အရှေ့ဘက်ရှိ ရှေးဟောင်းကျုံးနှင့် စစ်တောင်းမြစ် ချိတ်ဆက်ထားသည့် ယိုးဒယားရေတံခါးပေါက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖြစ်ရပ်မှန်သရုပ်ဖော်ပန်းချီကား ပြန်လည်ရေးဆွဲရန်နှင့်ရေးဆွဲပြီး ပန်းချီးကားများရေရှည်တည်တံ့ခိုင်မြဲစေရေး အမိုးစနစ်ဖြင့် ထားရှိသွား ရန်နှင့် သမိုင်းရာဇဝင်မှတ်တမ်းအား မြန်မာဘာသာ၊ ထိုင်းဘာသာများဖြင့် မှတ်တမ်းတင်ထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။