Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၂၁

==================

          ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ် နေသည့် အားကောင်းသောမုန်တိုင်းငယ် (Depression)၏ အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ် ခြင်း၊ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ မုန်တိုင်းလမ်းကြောင်းသည် အချိန်မရွေး ပြောင်းလဲနိုင်သဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ ခြင်း၊ ချောင်း/မြစ်ရေမြင့်တက်ခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် မြစ်/ချောင်းကမ်းနားရှိ ရပ်ကွက်/ကျေးရွာများအား မိုးလေဝသ အခြေအနေများ ကြိုတင်အသိပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများ၊ အားကစား ခန်းမများ၊ စာသင်ကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး လိုအပ်ချက်များ ကြိုတင်ပြင်ဆင်ထားရန်နှင့် Cyclone Shelter များအား အသင့်အနေ အထားဖြစ်စေရေး စစ်ဆေးထားရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ကယ်ဆယ်ရေး    ပစ္စည်းများ၊ ဆန်ရိက္ခာများ ကြိုတင်ဖြန့်ဝေထားရှိရန်၊ သဘာဝဘေးအန္တရာယ် တစ်ခုခုကြုံတွေ့လာပါက စီမံချက်ပါအတိုင်း စုဖွဲ့ခြင်း၊ ကယ်ဆယ်ခြင်း၊ ဘေးကင်းလုံခြုံရာ ပို့ဆောင်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည်တို့ကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသအလိုက် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များ အား ပြည်သူများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး၊ ဆက်သွယ်မှုမပြတ်တောက်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ပြုလုပ် ထားရန် မှာကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ခရိုင်/မြို့နယ်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာများ ကြိုတင်ဖြန့်ဝေထားရှိမှု၊ ရေကြီးနစ်မြှုပ်နိုင်သည့် ရပ်ကွက်/ ကျေးရွာများအား ကြိုတင်စာရင်းပြုစုထားရန်၊ တာတမံများ ကြံ့ခိုင်ရေး ကြိုတင်စစ်ဆေးရန်၊ ကျန်းမာရေး စောင့်ရှောက်မှု စုဖွဲ့ထားရန်၊ စိုက်ဧကများ ပျက်စီးမှုရှိလာပါက မျိုးနှင့်သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး ပြင်ဆင်ထားရန်နှင့် ပျက်စီးမှုစာရင်းဇယားများ မှန်ကန်မှုရှိစေရေး ပြင်ဆင်ထားရန်တို့အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ရာသီဥတုဖောက်ပြန်မှုကြောင့် အချိန်မရွေး သဘာဝဘေး အန္တရာယ်ကျရောက်နိုင်သဖြင့် ခရိုင်/မြို့နယ်အလိုက် ဖွဲ့စည်းပေးထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများ၏ လုပ်ငန်းစဉ်များအတိုင်း စုဖွဲ့မှုအားကောင်းကောင်းဖြင့် အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်တို့အား အကြံပြုတင်ပြခဲ့ကြသည်။

          ယင်းနောက် တက်ရောက်သည့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင်များက ဌာနအလိုက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် စုဖွဲ့ပြင်ဆင် ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများ ကြိုတင်ဖြန့်ဝေထားရှိမှုနှင့် ကယ်ဆယ်ရေး စခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။