Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓော်စေတီတော်မြတ်ကြီးတွင်း ရွေ့လျား စက်လှေကားဖွင့်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရွှေမော်ဓော်စေတီတော်မြတ်ကြီးတွင်း ရွေ့လျား စက်လှေကားဖွင့်ပွဲနှင့် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၆

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓော်စေတီတော်မြတ်ကြီး၏ အနောက်ဘက်မုခ်၌ တပ်ဆင်ခဲ့သည် ရွေ့လျားစက်လှေကား ဖွင့်ပွဲနှင့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတို့အား  နိုဝင်ဘာလ(၆)ရက်နေ့၊ ညနေပိုင်းက အဆိုပါစေတီတော်၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ကြွရောက်လာသည့် ဩဝါဒစရိယ ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အောင်ဂါထာအား ရွတ်ဆိုခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီချုပ်က စက်လှေကားစတင် မောင်းနှင်နိုင်ရေး စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည် များ ပတ်ဖြန်းပေးခဲ့ကြသည်။

          ထို့နောက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်း ဓမ္မာရုံ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်လာသည့် ဆရာတော်များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားစတင်ခဲ့ပြီး နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ မြို့မ ဆရာသင်တိုက် ပဓာနနာယကဆရာတော်  ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ ကြကြောင်း သိရှိရသည်။

          ယင်းနောက် ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ (၄၁)ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းပူဇော်ပွဲအား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အလှည့်ကျဂေါပက ဦးထွန်းမြိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင် ယက္ကန်းအဖွဲ့များအတွက် မင်္ဂလာမောင်း(၃)ချက်တီးကာ မသိုးသင်္ကန်း စတင် ရက်လုပ်ခဲ့ကြသည်။

             ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယှဉ်ပြိုင်ရက်လုပ်နေသည့် ဂေါတမီစင်တော်၊ ယသော်ဓရာစင်တော်၊ ဝိသာခါစင်တော်၊ ရှင်စောပုစင်တော်၊ ရာဇဓာတုကလျာစင်တော်နှင့် သုဇာတစင်တော် ယက္ကန်းအဖွဲ့များမှ မသိုးသင်္ကန်း ရက်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

         ယင်းနောက် ညပိုင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဆောင်တိုင်ပွဲတော်အကြို မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား ဆက်လက်ကျင်းပပြုခဲ့ရာ  အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက စိန်နားပန်နှင့် အရုပ်မီးပုံးအကြီး(၈)လုံး၊ မီးပုံးပျံအသေး(၅၀၀)လုံးတို့အား လွှတ်တင်ပူဇော်ခဲ့ကြကြောင်း သိရှိရသည်။

             ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  နိုဝင်ဘာလ(၇)ရက်နေ့၊ အာရုံတက်အချိန်တွင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လင်္ကျာရစ်သုံးပတ်ပတ်၍ လှည့်လည်ပူဇော်ပြီးပြိုင်ပွဲဝင်စင်များမှ မသိုးသင်္ကန်းရက်လုပ်ခဲ့သည့် မသိုးသင်္ကန်းများအား ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး မုခ်အသီးသီးရှိ ဘုရားဆင်းတုတော်များအား ဆက်ကပ်လှူဒါန်းပေးခဲ့ ကြောင်း သတင်းရသည်။