Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မေ ၂၈

==============

          ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၂၈)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အခြေခံပညာဦးစီးဌာန (အောက် မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ်နှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့သည်။

            ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ကျောင်းအပ်ကြစို့”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ “ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဟူသော နိုင်ငံတော်၏ ပညာရေးဆိုင်ရာ ဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ၊ လူတိုင်းပညာရှိမှ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်သဖြင့် ကျောင်းနေအရွယ်အားလုံး ကျောင်းသို့ရောက်ရှိရေးအတွက် မေလ(၂၆)ရက်နေ့ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံ ရေး သီတင်းပတ်အဖြစ်သတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြိုင်နက် အကောင်အထည်ဖော် ဆောင်ရွက်နေ ကြောင်း၊ လူတိုင်းပညာတတ်ရေး၊ လူတိုင်းအရွယ်(၃)ပါးမှ ပထမအရွယ်ဖြစ်သော ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရန် အဓိကလိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မည်သည့် ခွဲခြားမှုမျှမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းနေ အရွယ် ကလေးအားလုံး အရည်အသွေးရှိသော သင်ယူမှုအခွင့်အလမ်း မြင့်မားရေးကိုဦးတည်ပြီး အခြေခံပညာကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကျန်းမာ၍ ဘေးကင်းလုံခြုံသော သင်ယူမှုဝန်းကျင်ကို ဖန်တီးလျက် သင်ယူမှုမဆုံးရှုံးစေရေး၊ မည်သည့်ခွဲခြားမှုမျှမရှိရေး၊ ကျောင်းထွက်နှုန်း လျော့ကျရေးကို ဦးစားပေးမူဝါဒချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ၌ ကျောင်းစတင် ဖွင့်လှစ်ချိန်မှစ၍ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊ မိမိတို့အစိုးရလက်ထက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူအားလုံးကို ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံနှင့်ဘောပင်များကို အခမဲ့ဖြန့်ဝေပေးကြောင်း၊ မိဘများအနေဖြင့် မိမိတို့ရဲ့ရင်သွေး ရတနာများကို တတ်သိလိမ္မာစေရေးအတွက် ဆရာ/မများထံအပ်နှံကာ ပညာရပ်အသီးသီးကို သင်ကြားစေရ မှာဖြစ်ပြီး ဆရာ/မများအပိုင်းမှလည်း မိမိတို့တတ်သိသမျှကို မချွင်းမချန်ဘဲ ပညာသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းသည့် နိုင်ငံသားကောင်း၊ သမီးမွန်များဖြစ်အောင် ပြုစု‌ပျိုးထောင်ပေးကြရန် လိုကြောင်း အမှာစကား ပြောကြားခဲ့သည်။

        ထို့နောက် နိုင်ငံတော်အစိုးရမှ အခမဲ့ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာပစ္စည်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရိုင် ပညာရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

      ယင်းနောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစိုးလွင်က ကျောင်းအပ်နှံရေး ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူ များက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေရေး ကျောင်းသား/သူများအား ဆုငွေများချီးမြှင့်ပေးခဲ့သည်။

      ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအခြေခံပညာကျောင်းပေါင်း (၅၁၉၄)ကျောင်းရှိရာ နိုင်ငံတော်မှ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဗလာစာအုပ်(၆၆၇၂၅၁)ဒါဇင်၊ ကျောင်းသုံးပုံနှိပ်စာအုပ်(၁၆၂၃.၆)သန်း၊ ခဲတံ(၂၆၄၄၃၆)ဒါဇင်၊ ဘောပင်(၈၀၂၀၈) ဒါဇင်၊ ကျောင်းဝတ်စုံ(၄၄၅၂၆၃)စုံတို့အား အခမဲ့ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းအပ်နှံနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စာသင်ခုံလိုအပ် ချက်၊ ပြင်ဆင်ရန်လိုအပ်မှု၊ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အတွင်း (ပဉ္စမပတ်)မြောက်  မြို့/ရွာ သန့်ရှင်းသာယာ လှပ စေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်း၊ တူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးရန်၊ ရပ်ကွက် အတွင်းရှိ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေး ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် လမ်း/ရေမြောင်း ဧရိယာများတွင် ကျူးကျော်နေထိုင်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။