Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၆

=========

          ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ  ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်း ဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာခန်းမ၌ Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုးတွေ့ရှိမှုများ လျော့ကျလျက် ရှိသော်လည်း ပေါ့ဆ၍မရကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်မှုရှိကြောင်း၊ ဘုရား၊ စေတီ၊ ပုထိုးနှင့် ဘာသာရေးအဆောက်အဦများ COVID-19 စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများ COVID-19 စည်းကမ်းချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး ကြိုတင်စီမံချက်များ ရေးဆွဲထားရန် လိုအပ်ကြောင်း၊ COVID-19 ကာကွယ်ဆေးများ ရောက်ရှိလာပါက လုံခြုံ၍ လိုအပ်သော အပူချိန် အတိုင်း စနစ်တကျ ထားရှိရန်နေရာနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက မြို့နယ်အလိုက် Facility Quarantine စခန်းများအဖြစ် အသုံးပြုထားသည့် အခြေခံပညာကျောင်းများအစား အခြား နေရာများ ထပ်မံရှာဖွေထားရန်၊ ဘဏ္ဍာငွေ ခွဲဝေရရှိမှု / သုံးစွဲမှုနှင့် ကျန်ရှိမှုအခြေအနေများအား တိုင်းဒေသကြီးကော်မတီသို့ စာရင်းပြုစုတင်ပြရန်၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် တင်ပြဆွေးနွေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင် နှင့် ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေတို့အား အသီးသီးတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းမှ လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်နှင့် ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။