Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းသေကြီးအတွင်းရှိ စံပြမြစိမ်းရောင်ကျေးရွာ ဆုချီးမြင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းသေကြီးအတွင်းရှိ စံပြမြစိမ်းရောင်ကျေးရွာ ဆုချီးမြင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မေ ၁၃

=================

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် မေလ(၁၂)ရက် နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စံပြမြစိမ်းရောင် ကျေးရွာ ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးများ၊ အတိုင်းအတာများနှင့် ပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပြီး မိမိဌာနအပြင် အခြား ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုသင်တန်းများ ဖွင့်လှစ်ရာတွင်လည်း ဒေသ၏လိုအပ်ချက်များကို အထောက်အကူဖြစ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြရန်၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် လုပ်ငန်းများအား စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ အဂတိ ကင်းစွာဖြင့် စံချိန်စံညွှန်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူနှင့်ပူးပေါင်းပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်မှ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုများနှင့် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးလက်ရေရရှိရေးနှင့် ကျေးလက်မီးလင်းရေးဆောင်ရွက်ရာတွင် အဓိကအသုံးပြုသည့် ဆိုလာပြားများ ဝယ်ယူနှင့်ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရာတွင် အာမခံကာလများ သေချာစနစ်တကျ ထည့်သွင်းချုပ်ဆိုရန်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအား ဒေသခံပြည်သူများ သေချာနားလည်လက်ခံလာသည်အထိ အသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေနည်းနည်းဖြင့် စိုက်ပျိုးရသည့် စားဖိုဆောင်သီးနှံ စိုက်ပျိုးခြင်း၊ နွေနှမ်းစိုက်ပျိုးခြင်းနှင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးနိုင်ခြင်းတို့အား စံပြစိုက်ခင်းများ ထူထောင်စိုက်ပျိုး ပြသသွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

        ယင်းနောက် စံပြမြစိမ်းရောင် အကောင်းဆုံးခရိုင်ဆုရ ပြည်ခရိုင်နှင့် အကောင်းဆုံးမြို့နယ်ဆုရ နတ်တလင်းမြို့နယ်နှင့် အကောင်းဆုံးစံပြကျေးရွာဆုရ သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာတို့အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဆုများအသီးသီးပေးအပ်ခဲ့သည်။

        ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် GISနှင့် အင်ဂျင်နီယာစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှု့စစ်ဆေးပြီး သင်တန်းသား/သူများအတွက် သီးခြားထောက်ပံ့ငွေကျပ်(၃၄၀၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်ဒေသ သောက်သုံးရေရရှိရေးဆိုင်ရာ အထောက်အကူပြု စက်ပစ္စည်း၊ ကိရိယာများခင်းကျင်းပြသထားရှိမှုနှင့် ရွေ့လျားရေသန့်စင်စက်မှ ရေသန့်စင်ထုတ်လုပ်နေမှုတို့အား ကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁-၂၀၂၂ခု (၆)လ ဘတ်ဂျက်တွင် ပြည်ထောင်စုရန်ပုံငွေ(၁၂၇၈.၅၇)သန်းဖြင့် ကုန်ထုတ်လမ်း(၁၆)လမ်း၊ တံတား(၂၃)စင်း၊  ကျေးလက်ရေရရှိရေးလုပ်ငန်း(၁၃၇)ခု၊ တိုင်းဒေသကြီးရန်ပုံငွေ(၁၇၆၃.၇၄၂)သန်းဖြင့် ကုန်ထုတ်လမ်း(၁၁)လမ်း၊ တံတား(၁၁)စင်း၊  ကျေးလက်ရေရရှိရေးလုပ်ငန်း(၆၅)ခု၊ မီးလင်းရေး(SHS) လုပ်ငန်း(၃၉၈)ခု၊ ဆိုလာစိုက်ပျိုးရေးရရှိရေးလုပ်ငန်း(၉)ခုတို့အား ဆောင်ရွက်နိုင်ခဲ့သည့်အပြင် စီမံကိန်း လုပ်ငန်းများဖြစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(၂၀)ယူနစ် (၂၀)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(၁၁၄)ရွာ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း(၄၁)ကြိမ်၊ Smart Village ကျေးရွာ(၃)ရွာတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်းသတင်းရှိသည်။