Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတို်ငးဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတို်ငးဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည် ဇွန် ၂၀
====================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ နှင့်အတူ ဇွန်လ (၁၉)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတို်ငးဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ ကျောသာ ကျေးရွာအုပ်စု၌ စိုက်ပျိုးထားရှိသည့် မိုးမြေပဲ(မကွေး-၁၅) ဧက(၂၀) မျိုးစေ့ ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မိုးမြေပဲအပြင် ရာသီအလိုက် ဒေသနှင့်ကိုက်ညီသည့် အခြား ဆီထွက်သီးနှံများအား ကျေးရွာများအလိုက် စံပြစိုက်ခင်းများ စိုက်ပျိုးပြသ နိုင်ရေးနှင့် မျိုးလိုအပ်ချက် အချိန်မီရရှိစေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကုတင်(၅၀၀)ပြည်သူ့ဆေးရုံကြီး (၅)ထပ် RCC ဓာတ်လှေကားပါ ငလျင်ဒဏ်ခံဆေးရုံကြီး တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်နှင့် အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ (နဝင်းချောင်း) နဝင်းတံတားချဉ်းကပ်လမ်း ပြိုကျမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာ တောင်သူ ဦးဌေးဝင်း၏ ပဲတီစိမ်း(၁၆)ဧက၌ ဆီထွက်သီးနှံနေကြာ သီးညှပ်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်ကျေးရွာများ၌ အမှန်တကယ် ဖြစ်ထွန်းအောင်မြင်နိုင်သည့် မြေနေရာများရှိပါက နေကြာသီးသန့် စိုက်ခင်းများအဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပျားမွေးမြူရေးလုပ်ငန်းကိုလည်း တွဲဖက်ဆောင်ရွက်နိုင်ရေး အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်းကောင်းမွန်စေရေးနှင့် ဧရာဝတီမြစ်ရေမတက်မီ အချိန်မီပြီးစီးရေး တာဝန် ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ ဦးအုန်းလွင်နှင့် ဦးလှမိုးတို့၏ နို့စားနွားမွေးမြူထားရှိမှု
နှင့် နွားနို့မှ ဒိန်ချဉ်ထုတ်လုပ်မှုအား ကြည့်ရှုအားပေးခဲ့ပြီး တိရစာ္ဆန်ရောဂါ ကြိုတင်ကာကွယ်ရေး၊ တိရစ္ဆာန် အစားအစာအဖြစ် နေဗီယာမြက်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။