Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ပဲခူး မေ ၅
===============

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား မိန့်ခွန်းအား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၂ခုနှစ်၊ စွမ်းရည်သတ္တိဆိုင်ရာ ရဲဗလဆုတံဆိပ်ရရှိခဲ့သူ၊ တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် စံပြ မီးသတ်စခန်းဆုရရှိသည့် ကဝမြို့နယ်မီးသတ်စခန်းတို့အား ဂုဏ်ပြုလက်မှတ်နှင့် ဆုများကိုလည်းကောင်း၊
တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ဗဟိုအဆင့် အမြန်လမ်း စံပြမီးသတ်စခန်း ဒုတိယဆုနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူတို့အား ဂုဏ်ပြုလက်မှတ် နှင့်ဆု များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေမှ လုပ်သက်(၂၅) နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၂၀၂၁ခုနှစ် အတွင်း မီးလောင်မှုတန်ဖိုး အနည်းဆုံးခရိုင်တို့အား ဂုဏ်ပြုလက်မှတ်နှင့်ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း မှ မီးသတ်စက်ကလေးပြိုင်ပွဲတွင် ဆုရရှိသောခရိုင်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များမှ ဂတ်(စ်)မီးလောင်မှု မီးငြိမ်းသတ်ရေး၊ ဆီမီးလောင်မှု မီးငြိမ်းသတ်ရေး၊ မော်တော်ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု၊ ပိုလန်နိုင်ငံထုတ် Hydraulic Platform & Vehicle Heavy Lifting Vehicle အသုံးပြု၍ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး၊ ခေတ်မီမီးငြိမ်းသတ်ရေးကိရိယာများနှင့်တွဲဖက်၍ မီးငြိမ်းသတ် ရေးတို့အား သရုပ်ပြသကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြပြီး မီးသတ်သရုပ်ပြသသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင် များနည်းတူ အထပ်မြှင့်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသမှုတွင် ပါဝင်ခဲ့သည့် တတိယတန်းကျောင်းသား မောင်သက်နိုင်ထူးတို့အား ဂုဏ်ပြုငွေကျပ်(၅)သောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်းများ ခင်းကျင်းပြသထားရှိမှုအား လှည့်လည်ကြည့်ရှုခဲ့ ကြောင်း သတင်းရရှိသည်။