Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၈

===========

         ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ(၈)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။

        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒီကနေ့သည် ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အမျိုးသမီးများအတွက် ဂုဏ်ယူစရာနေ့တစ်နေ့ဖြစ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးများ၊ စွမ်းဆောင် နိုင်ရည်များနှင့် လူသားအကျိုးပြုမှုတွေကို အသိအမှတ်ပြုတဲ့နေ့လည်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိသည့် အမျိုးသမီးထုကြီးကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ (၅၄.၉)သန်းခန့်တွင် အမျိုးသမီးပါဝင်မှုသည် (၅၂)ရာခိုင်နှုန်းဖြစ်၍ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ နယ်ပယ်နှင့် ကဏ္ဍစုံတွေမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားနေသည်ကို တွေ့မြင်ရကြောင်း၊ အဲ့ဒီလိုကဏ္ဍစုံတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် အခွင့်အလမ်းများကို တန်းတူညီမျှ ဖော်ဆောင်ပေး လျှက်ရှိကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းမှာ မြန်မာအမျိုးသမီးများသည် ကဏ္ဍစုံမှာ အမျိုးသားများနှင့် တန်းတူပါဝင်ဆောင်ရွက်ကြသည့် မြန်မာအမျိုးသမီးများအားလုံးကို ဂုဏ်ယူပါကြောင်းနှင့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှာရင်း အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်နိုင်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း အမှာစကား ပြောကြားသည်။

          ထို့နောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် အထူးဆုရရှိသော ပဲခူးတိုင်းဒေသကြီးမှ စာရေးဆရာ ဦးထိန်လင်း(လင်းအရုဏ်ဦး) အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဂုဏ်ပြုချီးမြှင့်ငွေ(၃)သိန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်‌ငွေ(၁)သိန်း(၅)သောင်းကျပ်တို့အား ပေးအပ်ချီးမြှင့်သည်။

        ယင်းနောက် အမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေး သမိုင်းမှတ်တိုင်များ Video Clip ပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိ သူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် အမျိုးသမီးအရေး ကိစ္စများကို ဆောင်ရွက်ပေးကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကြည့်ရှုကြပြီး ပဲခူးတိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့က Zumba Dance အကဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ ဖျော်ဖြေတင်ဆက်သူများအား ဂုဏ်ပြုဆုငွေနှင့် အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းအား ကြည့်ရှုခဲ့ကြသည်။

      ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖွဲ့သည် ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ တည်ငြိမ်အေးချမ်းစွာ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/သူ များအား သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်း သတင်းရရှိသည်။