Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့တွင် “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၄

——————

      ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇွန်လ(၂၄)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပဲခူးမြို့နယ်ဦးစီးမှူးရုံး၏ “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင် ဦးရေ(၃၈)သန်းကျော်အနက် (၁၀.၄၈)သန်း မဲမသာမှုဖြစ်ပေါ်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား အပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးမရှိဘဲ မဲပေးခဲ့သည့် မဲဆန္ဒရှင်အများအပြား စိစစ်တွေ့ရှိခဲ့‌ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် မဲဆန္ဒရှင်ပြည်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားအပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပန်းခင်းစီမံချက် ချမှတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံး ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ လဝကဌာနနှင့် (၅)ဦးကော်မတီမှာ ပါဝင်သည့် ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မြို့နယ် လဝက၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူများ နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင်လာအောင် ချပြရှင်းလင်းခြင်းများ ဆောင်ရွက်ပေးကြရန်၊ အုပ်ချုပ်သူ၊ နိုင်ငံ့ဝန်ထမ်း၊ စေတနာရှင်များနှင့် ပြည်သူအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် “ပန်းခင်း” စီမံချက်ကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အဖွင့်အမှာ စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄)၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဆိုင်ရာ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်းက “ပန်းခင်း” စီမံချက် ဆိုင်ရာလုပ်ငန်းစဉ်များအား ရှင်းလင်ပြောကြားသည်။

      ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၄)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပဲခူးတိုင်း ဒေသကြီးညွှန်ကြားရေးမှူး ဦးအောင်မင်းတို့မှ ဘုရားကြီးမြို့ (၁/၂/၃)ရပ်ကွက်၊ သပြေရိုး‌ကျေးရွာအုပ်စု၊ သံစို့ပင်‌ကျေးရွာအုပ်စု၊ ကွေ့တန်းရှည်‌ကျေးရွာ အုပ်စု၊ မုန်တိုင်း‌ကျေးရွာအုပ်စု၊ ကမ်းနီ‌

ကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာအုပ်စုနှင့် ဝါးပြန်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၉၆)ခုအား ပေးအပ်ခဲ့ကြ သည်။

     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်ပြီး ပြည်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားအပါအဝင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၂၈၇၄)ခုကျော် ပေးအပ်ခဲ့ပြီးဖြစ်ပြီး ပဲခူးမြို့နယ်အနေဖြင့် အိမ်ထောင်စု (၆၆၈)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၂၁၂)ခု ပေးအပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ သည် အစိုးရနိကာယ်စားမေးပွဲ ကြီးကြပ်နာယက ဆရာတော်ကြီးများအား သွားရောက်ဖူးမြှော်ခဲ့ပြီး ဖြေဆိုနေကြသည့် သံဃာတော်များအား အအေးဆက်ကပ်လှူဒါန်းခဲ့ကာ ပဲခူးမြို့၊ ဗုဒ္ဓအသံဓိမ္မဗိမာန် တော်ကြီး ပြန်လည်ပြုပြင်မွန်းမံ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့တွင်း ညဈေးဖွင့်လှစ်ရန် ဆောင်ရွက်နေမှုနှင့် ဟံသာဝတီမြို့ဟောင်း ကျုံးနှင့်ကျုံးပတ်လမ်း သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။