Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ ဘုန်းတော်ကြီးကျောင်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး

ပဲခူးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ ဘုန်းတော်ကြီးကျောင်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ တပ်မမှူးနှင့်အတူ ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်/ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှု ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်နှင့် မဇင်း ရပ်ကွက်၊ အနောက်ရွှေနံ့သာဘုန်းတော်ကြီးသို့ ရောက်ရှိခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်နေမှု၊ ရေကြီးနစ်မြှုပ်ခဲ့မှု ကြောင့် ပျက်စီးခဲ့သည့် လမ်း/တံတားများ အခြေအနေ၊ ရေထုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရန် ပြန်လည်ပြင်ဆင်ပေးရမည့် အခြေအနေများ၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းနေမှု၊ ကွန်ကရစ်ဓါတ်တိုင်များ ပြန်လည်အစားထိုးဆောင်ရွက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ သန့်ရှင်းရေး ပြုလုပ်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သ များအား စေတနာရှင်များက သာကူတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ် ဖြင့် ဒေသခံပြည်သူများ သက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသုံးနိုင်ရေး ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူသူများ ထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင် ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင် ဇွန်လ(၁၇)ရက်နေ့မှစ၍ နေ့စဉ်ဒေသထွက် ဆန်၊ ဆီ၊ ငါး၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားနှင့် ဟင်းသီးဟင်းရွက်များအား လက်လီအဆင့်ဆင့်မရှိဘဲ ဒေသခံပြည်သူများ သက်သာသောနှုန်းထားဖြင့် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ကာ ပြင်ပဈေးနှုန်းထက် များစွာလျော့နည်းသဖြင့် ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။