Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၁၈

=====================================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်မိသားစုများ သက်သာချောင်ချိ ရေးအတွက် ဆန်နှင့်အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပဲခူးမြို့တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော  တပ်မတော်သားများ၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁)လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ပဲခူးမြို့၊ ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်သို့ သွားရောက်၍ ပဓာနနာယက ဆရာတော် အရှင်ဥက္ကံသာလင်္ကာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ချီးမြှင့်တော်မူကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချမ်းမြေ့ဇေယျာသာမဏေကျော် တက္ကသိုလ်ကျောင်းတိုက်အတွင်း သီတင်းသုံးတော်မူကြသည့် ဆရာတော်/သံဃာတော် အရှင်သူမြတ် (၃၃၈)အပါးတို့၏ ဆွမ်းနှင့် ဆွမ်းဟင်း ပြည့်စုံစေရန်အတွက် ဆန်(၇၀)အိတ်၊ ဆီ(၃၄၀)ပိဿာ၊ ကုလားပဲ(၆)အိတ်၊ ဆား(၆)အိတ်နှင့် ကျန်းမာရေးသုံးအထောက်အကူပြုပစ္စည်းများအား ပဓာနနာယက ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပူဇော်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ (၁၀)မိုင်ကုန်း၊ ဓမ္မဒူတဗုဒ္ဓ တက္ကသိုလ် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒပညိဿရာဘိဝံသအား ဖူးမြော်ကန်တော့ကာ ဆန်(၃၀)အိတ်၊ ဆီ(၁၇၀)ပိဿာ၊ ကုလားပဲ(၃)အိတ်၊ ဆား(၃)အိတ်နှင့် ကျန်းမာရေးသုံးအထောက်အကူ ပြုပစ္စည်းများအား ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။