Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် အခြေခံပညာကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူးမြို့တွင် အခြေခံပညာကာယပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး မေ ၁၇

===============

         ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ အားကစားခန်းမ၌ မေလ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးရုံးမှ ဖွင့်လှစ်သည့် အခြေခံပညာကာယ ပညာနှင့် အားကစားနည်းပြမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံဖြိုး တိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်တဲ့ လူစွမ်းအားအရင်းအမြစ်များရရှိဖို့အတွက် အသိပညာ အတတ်ပညာများ တတ်မြောက်ကျွမ်းကျင်ဖို့လိုသလို ကျန်းမာကြံ့ခိုင်သန်စွမ်းဖို့လည်း လိုအပ်သဖြင့် ကျောင်းသင် ဘာသာရပ်များတွင် ကာယပညာဘာသာရပ်ကို ထည့်သွင်းသင်ကြား ပေးနေရခြင်းဖြစ်ကြောင်း၊ ဆရာ/ ဆရာမများ အနေဖြင့် ကာယပညာဘာသာရပ်များ ပြန်လည်သင်ကြားပေးရာတွင် နည်းစနစ်ကျနစွာ သင်ကြားပေးနိုင်ဖို့ လိုအပ်ကြောင်း၊ကာယပညာဘာသာရပ်သည် ဘဝတစ်သက်တာအတွက် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့ကို များစွာအကျိုးပြုနိုင်မည် ဖြစ်သည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး နှင့် ပညာရည်မြှင့်မားရေး”ကို အပြည့်အဝ အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းလည်းဖြစ်ကြောင်း၊ ဆရာ/ဆရာမများ အနေဖြင့် အချိန်တိုအတွင်း သင်တန်းမှပို့ချပေးလိုက်သည့် အားကစားနည်း(၇)မျိုး၏ နည်းစနစ်များကို ကြိုးစား လေ့လာ လေ့ကျင့်ဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ အစဉ်အလာကောင်းများရှိသည့် ပဲခူးတိုင်း ဒေသကြီး၏ စာသင်ကျောင်းများမှ ထူးချွန်ထက်မြက်တဲ့ အားကစားသမားများ ထပ်မံပိုမိုပေါ်ထွန်းလာ နိုင်စေရေး ကြိုးစားလေ့ကျင့် သင်ကြားပေးကြစေလိုကြောင်းနှင့် စာသင်ကျောင်းများတွင် လိုအပ်သော အားကစား အထောက်အကူပြုပစ္စည်းများလည်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ နည်းပြဆရာ(၇)ဦးနှင့် သင်တန်းသား(၁၁၂)ဦး၊ စုစုပေါင်း (၁၁၉)ဦးအတွက် တစ်ဦးလျှင်ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် ငွေကျပ်(၁၇၈၅၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းအား မေလ(၁၇)ရက်နေ့မှ(၁၉)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ သင်တန်းသား/သူ ဆရာ/ဆရာမ(၁၁၂)ဦး တက်ရောက်ခဲ့ကြရာ သင်တန်း နည်းပြများမှ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင် စသည့်အားကစားနည်း(၇)မျိုးအား နည်းစနစ်ကျနစွာ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။