Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူးမြို့တွင် ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁

          ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ်မိုးလုံလေလုံအားကစားရုံ၌ စက်တင်ဘာ လ(၁)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအနေနဲ့ အားကစားစိတ်ဓာတ် အပြည့်အဝနဲ့ အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြဖို့လိုအပ်မှာဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလည်း လေးစား လိုက်နာကြရ မှာဖြစ်ကြောင်း၊ ဒီပြိုင်ပွဲမှတဆင့် နိုင်ငံတော်ကအားထားရမယ့် ထူးချွန်တဲ့ လက်ရွေးစင် အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြဖို့ တိုက်တွန်းမှာကြား လိုကြောင်း၊ ယနေ့ကျင်းပပြုလုပ်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲဟာလည်း သာမန်အားကစားပြိုင်ပွဲ တစ်ရပ် မဟုတ်ဘဲ နိုင်ငံတကာ အလယ်မှာ ခြင်းလုံးအားကစားနည်းဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ဖို့ အထောက်အကူ ဖြစ်စေမယ့် ပြိုင်ပွဲတစ်ရပ် အဖြစ်မှတ်ယူပြီး ကြိုးစားယှဉ်ပြိုင်သွားကြပြီး အားကစားစွမ်းရည်ဖြင့် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် အထူးကြိုးပမ်း ဆောင်ရွက်သွားကြဘို့ အလေးအနက်ထား မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်ကအားထားရမယ့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင်လည်း ကြိုးစားသွားကြရန်လိုကြောင်း နှုတ်ခွန်းဆက် အမှာ စကား ပြောကြားခဲ့သည်။

          ထို့နောက်  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ထိန်လင်းက မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းနှင့်ပတ်သက်၍ မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်တဲ့ ခြင်းလုံးအားကစားဖွံ့ဖြိုး တိုးတက် စေရေး၊ ရိုးရာအမွေအနှစ်ကို ဆက်ခံအားကစား ထိန်းသိမ်းနိုင်တဲ့ ထူးချွန်သော ရိုးရာခြင်းလုံး မောင်/မယ် သစ်လွင်များ ပေါ်ပေါက်စေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်လိုကြောင်း ပြောကြား ခဲ့သည်။

          ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် (၄)ချက် ရွတ်ဆိုကြပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိူဆွေဝင်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစား သမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် မြန်မာနိုင်ငံခြင်းလုံးဆပ်ကော်မတီ နာယကတို့က မကွေးတိုင်းဒေသကြီး အမျိုးသမီးအသင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုအားကြည့်ရှု့အားပေးခဲ့ကြသည်။

          ၂ဝ၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြင်းလုံးပြိုင်ပွဲကို စက်တင်ဘာလ(၁)ရက်နေ့မှ (၄) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ အမျိုးသားအသင်း(၁၀)သင်း နှင့် အမျိုးသမီးအသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင် ကစားသွာကြမှာဖြစ်ကြောင်း သတင်းရရှိသည်။