Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

ပဲခူးမြို့တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်

ပဲခူး ဧပြီ ၁၀

==============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန် ပွဲတော်အား လမ်းလျှောက်သင်္ကြန်အပါအဝင် စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

       အဆိုပါသင်္ကြန်ပွဲတော် သင်္ကြန်အကြိုနေ့ ဧပြီလ(၁၃)ရက်နေ့တွင် ဗဟိုမဏ္ဍာပ်၌ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေ ကြမည်ဖြစ်သည့်အပြင် သင်္ကြန်အကြို၊ အကျ၊ အကြပ်၊ အတတ်နေ့များတွင် သင်္ကြန်ယိမ်းအကဖွဲ့(၂၅)ဖွဲ့ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေကပြကြမည်ဖြစ်ပြီး ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့တွင် ပိတ်ပွဲအခမ်းအနား

ကျင်းပမည်ဖြစ်သည်။

         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဗဟိုမဏ္ဍာပ်၌ သင်္ကြန်ကာလအတွင်း စတုဒီသာအနေဖြင့် (ထမင်း+ဟင်း)တို့ကို နေ့စဉ်တစ်နေကုန် ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ(၈)ခုတို့မှလည်း လမ်းလျှောက်သင်္ကြန်မဏ္ဍပ် များ၌ ရေပက်ကစားခြင်း၊ နေ့စဉ်စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းများ ပြုလုပ်ပေးသွားကြမည်ဖြစ်သည်။

       ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေကပြကြမည့် ယိမ်းအဖွဲ့များထဲမှ ဆုရရှိသော ယိမ်းအဖွဲ့များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆုအပြင် နှစ်သိမ့်ဆု (၅)ဆုကိုလည်း ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပြီး ၁၃၈၄ ခု၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့ ညပိုင်း၌ နှစ်သစ်ကူးဓမ္မသဘင်ကိုလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင် ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်တွင်လည်း မဟာ သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ‌တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။