Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား/ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား/ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၀

==========

           (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် မှ အမျိုးသား အားကစားသမား(၉၁၅)ဦး၊ အမျိုးသမီး အားကစားသမား(၃၁၂)ဦး၊ စုစုပေါင်း (၁၂၂၇)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသားမီနီမာရသွန်ပြိုင်ပွဲအား ပဲခူးမြို့အဝင်(တိုးဂိတ်)မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းအရှေ့အထိလည်းကောင်း၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား ပဲခူးတက္ကသိုလ် အနီး၊ မြို့ရှောင်လမ်း၊ ဘုရင့်နောင်ရုပ်ထုရှေ့မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီး အားကစားကွင်း အရှေ့အထိလည်းကောင်း ယှဉ်ပြိုင်ပြေးကြရာ တိုင်းဒေသကြီး ဥပဒေချုပ်မှ ခရာမှုတ်၍ စတင်တာလွှတ် ပေးခဲ့သည်။

          မီနီမာရသွန်ပြိုင်ပွဲဝင်ကြသည့် အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများနှင့် ဒေသခံပြည်သူများက လမ်းဘေးဝဲယာမှနေ၍ သောင်းသောင်းဖျဖျ ကြိုဆိုအားပေးကြသည်။

          ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်းအတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသူများအား တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့မှလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး အထူးဆုရရှိသူ(၆)ဦးအား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ တစ်ဦးလျှင်ငွေကျပ်(၁)သိန်းစီကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး တတိယဆုရရှိသူ(၂)ဦးအား လူမှု ရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့မှ  တစ်ဦးလျှင် ဆုတံဆိပ်နှင့် ငွေကျပ်(၅)သိန်းစီကိုလည်း ကောင်း၊ အမျိုးသား/အမျိုးသမီး ဒုတိယဆုရရှိသူ(၂)ဦးအား စီးပွားရေးရာဝန်ကြီးနှင့် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးတို့မှ တစ်ဦးလျှင် ဆုတံဆိပ်နှင့် ငွေကျပ်(၇)သိန်းစီကိုလည်းကောင်း အသီးသီး ချီးမြှင့်ပေးအပ် ကြသည်။

       ထို့နောက် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ အမျိုးသား မီနီမာရသွန်ပြိုင်ပွဲ ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေကျပ်(၁၀)သိန်းအားလည်းကောင်း ချီးမြှင့်ပေးအပ်ခဲ့သည်။

       ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ပန်းဝင်လာသူများအား ဆိုင်ကယ်(၂)စီးနှင့် စက်ဘီးအစီး(၂၀)နှင့် ငွေကျပ်(၁)သိန်းဆု (၉)ဆုတို့အား ထပ်မံ၍ကံစမ်းမဲဖောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။

          (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ မီနီမာရသွန်ပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ သက်ကြီးဘောလုံးပြိုင်ပွဲ၊ ဘတ်စကက် ဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ၊ ချောတိုင်တက်နှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အခြားပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြုက်စွာ ဆက်လက်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။