Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁

=============

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီပံ့ပိုးလမ်းညွှန်မှု၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ‌ကော်မတီမှ အနီးကပ်ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ ပြုလုပ်သည်။

      (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် အမျိုးသားများအား ပဲခူးမြို့အဝင် တိုးဂိတ်မှလည်းကောင်း၊ အမျိုးသမီးများ ပဲခူးတက္ကသိုလ်ရှေ့ မြို့ရှောင်လမ်း၊ လမ်းဆုံမှလည်းကောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်တင့်မှ တာလွှတ်ပေး ခဲ့ပြီး မီနီမာရသွန်အမျိုးသား၊ အမျိုးသမီးအား ကစားသမားများမှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းရှေ့အထိ ယှဉ်ပြိုင်ပြေးရာ ပြေးလမ်းတစ်လျှောက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများနှင့် ပြည်သူများကလည်းကောင်း၊ ပန်းဝင်မည့်နေရာတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကလည်းကောင်း အသီးသီးစောင့်ကြို အားပေးခဲ့ကြသည်။

      ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီး အဆင့်(၁၅)မှ အဆင့်(၂၀)အထိ ရရှိသူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၄၀၀၀၀)စီအား လည်းကောင်း၊ အဆင့်(၆)မှ အဆင့်(၁၀)အထိ ရရှိသူများအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၅၀၀၀၀) စီအားလည်းကောင်း၊ ပဉ္စမဆုရရှိသူ တစ်ဦးလျှင် (၇၀၀၀၀)နှင့် စတုတ္ထဆုရရှိသူ တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၁)သိန်းစီအား အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့မှ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

     ယင်းနောက် အသက်(၅၀)နှစ်အထက် ပြိုင်ပွဲဝင် အားကစားသမား(၂)ဦးနှင့် အသက်(၁၂) အောက်အားကစားသမား(၃၄)ဦးတို့အား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၅၀၀၀၀)စီကိုလည်းကောင်း၊ ပထမဆုရရှိသူ (၂)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းစီ အားလည်းကောင်း၊ ဒုတိယ ဆုရရှိသူ(၂)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၃)သိန်းစီအားလည်းကောင်း၊ တတိယ ဆုရရှိသူ(၂)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုဆုငွေကျပ်(၂)သိန်းစီအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်များအားလုံးကို ကံစမ်းမဲဖောက်ကာ ဆိုင်ကယ်(၂)စီးနှင့် စက်ဘီး(၂၅)စီးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

       (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်နေ့အကြို အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ တွင် အမျိုးသား(၂၆၆)ဦး၊ အမျိုးသမီး (၁၁၈)ဦး၊ စုစုပေါင်း(၃၈၄) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသားများက(၁၀) ကီလိုမီတာနှင့် အမျိုးသမီးများက(၈)ကီလိုမီတာ ယှဉ်ပြိုင်ပြေးကြရကြောင်း သတင်းရရှိ သည်။