Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၉

=================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၈)ရက်နေ့၊နံနက်ပိုင်း က ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာရှိ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး စားဖိုးဆောင်သီးနှံ အမယ်သစ်အဖြစ် ပြည်တွင်းသုံးကုန် ပြည်ပ ပို့ကုန် (၂)မျိုးလုံးဈေးကွက်ရှိသည့် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် Mobile Solar System တပ်ဆင်နိုင်ရေးနှင့် ပြည်ပမှလာသည့် ဟင်းသီးဟင်းရွက်မျိုးစေ့များ စိုက်ပျိုးခြင်းအပြင် ဒေသမျိုးများ လည်း ပြန်လည်ဖော်ထုတ်၍ ဓာတုကင်း လွတ်ဟင်းသီးဟင်းရွက်ဇုံတစ်ခုအဖြစ် ဖော်ထုတ်နိုင်ရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာရှိ မွေးမြူရေးလုပ်ငန်း ရှင် ဦးစံမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူထားရှိသည့် ကာကီကင်းဘဲကောင်ရေ (၁၈၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်းဥစားသုံးမှုနှင့် အသားစားသုံးမှုဖူလုံ ပိုလျှံစေရေး အတွက် ဥစားဘဲများတိုးချဲ့မွေးမြူသွားရန်နှင့် တိရိစ္ဆာန်အစာအား ကိုယ်တိုင်ထုတ်လုပ်နိုင်မှသာ ပိုမိုတွက်ခြေ ကိုက်မည်ဖြစ်၍ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရိစ္ဆာန်အစာထုတ်လုပ်နိုင်ရေး အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်စီးတီးအရှေ့ကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ကွင်းတစ်ဆက်တည်း အထွက်နှုန်းကောင်း ပဲတီစိမ်း(၂၁၄၆)ဧက စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ် (၂) သီးမှ တစ်နှစ်(၃)သီး တိုးချဲ့စိုက်ပျိုးနိုင်ရန် ချောင်းကော/မြောင်းကောများ ပြန်လည်တူးဖော်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ရာ ဒေသတစ်ဦးက ပဲတီစိမ်းမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိခဲ့မှုနှင့် စိုက်ပျိုးရေ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ဈေးညောင်ပင်ကြီးကျေးရွာရှိ မင်္ဂလာရာမဘုန်းတော်ကြီး သင်ပညာရေးကျောင်းသို့ ရောက်ရှိခဲ့ပြီး အစိုးရစာသင်ကျောင်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကာ ဆရာမများနှင့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း၊ မြို့ဦးကင်း တံတားအနီးရှိ ကိုင်းကျွန်းမြေပေါ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဗီယက်နမ်မြေပဲမျိုး စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဦးဝင်းနိုင်၏ ပန်းပုလုပ်ငန်းတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး တာဝန်ရှိသူများနှင့်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်း၊ သန္နီတံခါးပေါက်အနီး ရှေးဟောင်းမြို့ရိုး ပြန်လည်ဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး အထူးအလေးထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။