Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းမျး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူးမြို့အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းမျး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၂၉

 

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ် အတွင်း ရေကြီးနစ်မြှုပ်မှု လျော့နည်းသက်သာစေရေး၊ ရေများအမြန်ဆုံး ပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေးဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု၍ လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထား သည့် သဘာဝဘေးကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ယာယီရေဘေးရှောင်စခန်းများ၌ လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ငါး၊ ခေါက်ဆွဲခြောက်၊ ရေသန့်စသည်တို့အား လိုအပ်မှုမရှိစေရေး စနစ်တကျပို့ဆောင်ပေးရန်နှင့် ချက်ပြုတ်သည့်အဖွဲ့များအား သန့်ရှင်းစွာချက်ပြုတ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးရန်၊ ရေဝင်ရောက်သည့် ဒေသများအတွင်း ရေအမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရန် ရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေး ကွင်းဆင်း စစ်ဆေးရန်၊ ကားလမ်းနှင့် ရပ်ကွက်များအတွင်း အန္တရာယ်ရှိနိုင်သည့် နေရာများတွင် အသိပေးဆိုင်းဘုတ် များ စိုက်ထူသွားရန် သက်ဆိုင်ရာဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျေးရွာအတွင်း ရေဝင်ရောက်မှုနှင့် စိုင်တီချောင်း ရေလျှံနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးနစ်မြှုပ် ခဲ့သည့် လယ်မြေများအတွက် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး သက်တမ်းတိုးပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ ကြိုတင်ပျိုးထောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ပညာမွန်ဘုန်းတော်ကြီးကျောင်း ၌ ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများ ချက်ပြုတ်စားသုံးနိုင်ရေး လိုအပ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် အခြားစားဖိုဆောင်သုံးပစ္စည်းများ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစုရေဘေး ကာကွယ်ရေးတာအပေါ် ရေကျော်နေမှုနှင့် ညောင်ဝိုင်းတာ ရေဝင်ရောက်နိုင်သည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၏လုပ်အား ဖြင့် အမြန်ဆုံးသဲအိတ်ဖြင့် ရေတားနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပဲခူးမြစ်ရေမြင့်တက်လာခြင်းတို့ကြောင့် ဇူလိုင်လ (၂၈)ရက်နေ့ ညပိုင်းအထိ ရပ်ကွက်(၁၃)၊ ကျေးရွာ(၄)ရွာတို့တွင် ယာယီရေဘေးရှောင်စခန်း(၂၇)ခု ဖွင့်လှစ် ထားရှိပြီး အိမ်ခြေ(၆၁၈၇)၊ အိမ်ထောင်စု(၆၂၅၄)၊ လူဦးရေ(၂၅၀၄၃)ဦးအား နေထိုင်စားသောက်မှု အဆင် ပြေစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အနီးကပ်ကြီးကြပ် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။