Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (ဒုတိယ) အကြိမ် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (ဒုတိယ) အကြိမ် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၃

===========

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတိယ)အကြိမ် ဆေးပဋ္ဌာန်း ရွတ်ဖတ် ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်ရှိ ဘေသဇ္ဇမုဒြာလာဘမုနိ ဓမ္မဝတ်ရည်ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ် သည်။

          အခမ်းအနားသို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏  သြဝါဒါစရိယဆရာတော်ကြီး များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။

          ထို့နောက် ရွှေဂူကျောင်းဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်ပြီး ရတနာသီရိ ကျောင်း ဆရာတော်မှ ပဋ္ဌာန်းတရားများနာကြားရန် သမ္မာဒေဝနတ်ဗြဟ္မာများအား ဖိတ်ကြားခဲ့ကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့၊ မြို့မစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သြဝါဒကထာနာယူ ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထား ပြီး  သြဝါဒါစရိယဆရာတော်ကြီးများထံ သင်္ကန်းစသော လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်းကာ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မည့်အကြောင်း ဥယျောဇဉ်ဂါထာဖြင့် ရတနာပုံကျောင်းဆရာတော်မှ ဖတ်ကြားလျှောက်ထားခဲ့ကာ သံဃာတော်အရှင်သူမြတ်များမှ (ပဋ္ဌာန်းပစ္စယု‌ဒ္ဒေသ) ပါဠိတော်ကို(၃)ကြိမ် ရွတ်ဆို၍ ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှုစတင်ခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့်  ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

          အဆိုပါ ဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်မှုအား ဇန်နဝါရီလ(၂၃)ရက်နေ့မှ (၂၉)ရက်နေ့အထိ(၇)ရက် တိုင်တိုင် ပဋ္ဌာနဘာဏကဆရာတော်များက အလှည့်ကျရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး ဇန်နဝါရီလ(၂၉)ရက် နေ့တွင် သံဃာအပါး(၉၀)အား ဆေးပစ္စည်းများနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းပူဇော်မည်ဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံဝန်ထမ်း အငြိမ်းစားများအား ဆန်၊ ဆီ၊ ကြက်ဥနှင့်ဘဲဥများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။