Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့် ဓမ္မသဘင်ပွဲ ဆင်ယဉ်ကျင်းပပြုလုပ်

ပဲခူးမြို့၊ ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲနှင့် ဓမ္မသဘင်ပွဲ ဆင်ယဉ်ကျင်းပပြုလုပ်

ပဲခူး မေ

=============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ မေလ(၃)ရက်နေ့ ညနေပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့်‌ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး အရှေ့ဖက်မုခ် မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့နေ ပြည်သူများက ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကြပြီး အရှေ့ဖက်မုခ်အနီးရှိ မဟာဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြခဲ့သည်။

ထို့နောက် မြတ်ဗုဒ္ဓအားရည်မှန်းအာရုံပြု၍ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များက ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ညပိုင်းအချိန်တွင် ဆုတောင်းပြည်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဓမ္မသဘင်ပွဲကျင်းပပြုလုပ်ရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ၊ သာသနာ့ မဏ္ဍိုင်ပါဠိတက္ကသိုလ်စာသင်တိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တသိရိန္ဒ ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လှူဖွယ်ပစ္စည်းများနှင့် ဓမ္မပူဇာအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်ချ အမျှအတမ်း ပေးဝေခဲ့ကြသည်။

ယင်းနောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲလာ ပြည်သူများနှင့် ဓမ္မသဘင်ပွဲလာပြည်သူများ ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့မိမြို့ဖများမှ စတုဒီသာကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။