ပဲခူး မတ် ၁၁

ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ(၁၁) ရက်နေ့၊ နံနက်ပိုင်းက ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော် မြတ်ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီးအား တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ အကျိုးတော်ဆောင်၊ ရန်ကုန် တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)အရှင်သူမြတ်၊ ရွှေသာလျောင်း ဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒဉေယျဓမ္မာဘိဝံသ အရှင်သူမြတ်နှင့် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပူဇော်ပေးခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်ကြီးများက ဇယမင်္ဂလာ အောင်ဂါထာတော်အား (၃)ကြိမ် ရွတ်ဆိုပူဇော်ခဲ့ကြပြီး ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီးအား အမွှေးနံ့သာရည်များပက်ဖျန်းပူဇော်ခဲ့ကြကာ ကြွရောက်လာသည့် ဆရာတော် ကြီးများက ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ်ကြီး၏ အရပ်ရပ်အလှူတော်ကုသိုလ်ကောင်းမှု ရေစက်ချမင်္ဂလာအခမ်းအနားအား “နမော တဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ခဲ့၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ရွှေတံဆိပ်များဆုရှင် တေးသံရှင် ထက်ထက်မော်က ထူးမခြားနား သီချင်းခံ(၃)ပိုဒ်ဖြင့် သီကျူးပူဇော်ပေးခဲ့သည်။
ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒဉေယျဓမ္မာဘိဝံသ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ အမှူးပြုသော အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ကြွရောက်လာသည့် ဆရာတော်ကြီး များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူခဲ့ကြပြီးနောက် ပါဒစေတီတော်တည်ထားပူဇော်ခြင်း ဆိုင်ရာ တေးထပ်မင်္ဂလာဖြင့် ရွှေတံဆိပ်များဆုရှင် တေးသံရှင် ထက်ထက်မော်က သီကျူးပူဇော်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ ရွှေသာလျောင်း ဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ပါဒစေတီတော်မြတ်ကြီး တည်ထားပူဇော်ရာတွင် ပိဋကတ်တော် ကျမ်းဂန် တော်များနှင့် သင့်လျော်ညီညွှတ်စွာ တည်ထားပူဇော်နိုင်ရေး လမ်းညွှန်ဩဝါဒပေး၍ ဦးဆောင်ပဓာန ကမကထပြု ချီးမြှင့်တော်မူခဲ့ကြသည့် လှရတနာဆရာတော်ကြီးနှင့် ကြခတ်ဝိုင်းဆရာတော်ကြီးတို့အား ဂုဏပူဇာမှတ်တမ်းလွှာများ ဆက်ကပ်ပူဇော်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ကြွရောက်လာသည့် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော အလှူရှင်များက ရန်ကုန်တိုင်း ဒေသကြီး၊ဗဟန်းမြို့နယ်၊ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ဦးစီးပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်)အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ကြကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဇနီး၊ တာဝန်ရှိသူများက ကြွရောက်လာသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website