Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၁၉

==============

ပဲခူးမြို့၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်၊ ကျိုက္ကလွန်ပွန်းဘုရားလမ်းရှိ ရှေးဟောင်းသမိုင်းဝင် မဟာဇိန ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအား မတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းအချိန်က စိန်ဖူးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖူးမြှော်ကြည်ညိုတင်လှူပေးခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်း အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဇေယျာသီရိအာသောကကျောင်းတိုက်၊ အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသီရိန္ဒ မထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကို ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ် သဇ္စျာယ်တော်မူကြပြီး ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကိုဆောင်၍ စေတီတော်မြတ်ကြီး ဝတ္ထုကံနယ်မြေတွင် ပက်ဖျန်းကြဲဖြန့်ချီနှောင်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံ ရတနာစိန်ဖူးတော်၊ ရတနာငှက်မြက်နားတော်နှင့် လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပဲခူးမြို့၊ မဟာစည်သာသနာ့ရိပ်သာ ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စ မထေရ်မြတ်ထံမှ  တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက်  အမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော်များကို မင်္ဂလာဝေါယာဉ်ဖြင့် စေတီတော်မြတ်ကြီးအား လက်ယာရစ်(၁)ပတ် လှည့်လည်ပူဇော်ပြီး မင်္ဂလာအချိန်တွင် ပရိတ်နံသာရည်များ ပက်ဖျန်းပူဇော်ပြီး ရတနာငှက်မြက်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို မင်္ဂလာရထားပျံဖြင့်  စေတီတော်အထွဋ်သို့ တင်လှူ ပူဇော်ခဲ့ကြသည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်များက ဇယန္တောဗောဓိယာမူလေ အစချီ ဇယမင်္ဂလာ အောင်ဂါထာတော်များကို (၉)ကြိမ်(၉)ခေါက် ရွတ်ဖတ်ပူဇော်ခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် မဟာဇိန ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခဲ့ကြကာ အောင်ပွဲအထိမ်းအမှတ် အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခြင်း၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်နေပြည်သူများက စတုဒီသာ ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ  ရှေးဟောင်းသမိုင်းဝင် မဟာဇိနကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီးသည် ဟံသာဝတီ ပထမ ခေတ် နောက်ဆုံးဘုရင်ဖြစ်သော တိဿရာဇာမင်းလက်ထက် သက္ကရာဇ်(၄၀၇)ခုနှစ်၊ အေဒီ(၁၀၄၅)တွင် စတင်တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။