Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနား အား ကျင်းပပြုလုပ်

ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ အခမ်းအနား အား ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၅

=================

           (၁၃-၉-၂၀၂၁)ရက်နေ့ ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူ တရားခံများအား (၉)နာရီအတွင်း ကြိုးပမ်းဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ (၁၅)ရက်နေ့ ည(၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၊ ဧရာဝတီဘဏ် ငွေလုယက်မှုဖြစ်စဉ်၌ ပြစ်မှုကျူးလွန်သူများအား (၉)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေးအတွက် စွမ်းစွမ်းတမံ ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပြစ်မှုကျူးလွန်သူ တရားခံများ အား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး ဆောင်ရွက်နိုင်ခဲ့သည့် တပ်မတော်သားများအတွက် ဂုဏ်ပြုဆုငွေကျပ်(၄၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် ဂုဏ်ပြုဆုငွေကျပ်သိန်း(၂၀)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းက ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုငွေကျပ်(၃၅)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြရာ ဂုဏ်ပြုခံ တပ်ဖွဲ့ဝင်များကိုယ်စား ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွဋ်မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

          စက်တင်ဘာလ(၁၃)ရက်နေ့ မွန်းလွဲ(၁:၄၅)နာရီအချိန်က ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ် (၄)ဘီလီယံခန့်အား ရန်ကုန်မြို့သို့ သယ်ဆောင်စဉ် ပဲခူးမြို့နယ်၊  ဘူးလယ်အင်းကျေးရွာအုပ်စု၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်(၂၅/၅)သို့ ရောက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့ဝင်များ၏ လုယက်ခြင်းခံခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံကြိုးပမ်းဖော်ထုတ်မှု၊ တာဝန်သိပြည်သူများ ၏ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမှုတို့ကြောင့် (၉)နာရီအတွင်း ပြစ်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့သဖြင့် အဆိုပါဖမ်းဆီးဆောင်ရွက်မှုတွင် စွမ်းစွမ်းတမံ ကြိုးပမ်းပါဝင် ဆောင်ရွက်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရ သည်။

          အဆိုပါဂုဏ်ပြုညစာစားပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဂုဏ်ပြုခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။