Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို

ပဲခူးမြို့၌ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို

ပဲခူး ဧပြီ ၁၀

================

          ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဧပြီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညိုခဲ့သည်။

          ရှေးဦးစွာ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် ဥသာသီရိစာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တသူရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

          ထို့နောက် ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော် နာယူခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက သာသနာ့မဏ္ဍိုင် ပါဋ္ဌိတက္ကသိုလ်ကျောင်းတိုက်  ပဓနနာယကဆရာတော်ထံမှ ဩဝါဒကထာ နာယူခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များက ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံ သင်္ကန်းအစရှိသော ဆန်၊ဆီနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အရှင်ဆေကိန္ဒက အနုမောဒနာတရား နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်း အနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကြွရောက်လာသည့် ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ စတုတ္ထအကြိမ်မြောက် သောတပန် ဆီအလှူတော် မင်္ဂလာအခမ်းအနားတွင် ပဲခူးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၃၀၄)ကျောင်းမှ သံဃာတော် (၇၂၇၃)ပါး၊ သီလရှင်ကျောင်းတိုက်(၅၇)ကျောင်းမှ သီလရှင်(၁၉၀၁)ပါးတို့အတွက် တစ်ပါးလျှင် ဆီ(၁)ပိဿာ နှုန်းဖြင့် စုစုပေါင်း ဆီပိဿာချိန်(၉၁၇၄)ပိဿာအား သက်ဆိုင်ရာကျောင်းတိုက်အသီးသီးသို့ ပို့ဆောင်လှူဒါန်း ပေးခဲ့ကြောင်း သတင်းရရှိသည်။