ပဲခူး မေ ၉
ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ မိုးလုံလေလုံအားကစားခန်းမ၌ မေလ(၉)ရက်နေ့၊ နံနက်ပိုင်းက နွေရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အနာဂတ်နိုင်ငံတော်၏ အခန်းကဏ္ဍ အားလုံး ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များအတွက် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊ လူငယ် များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ အသိပညာဗဟုသုတများ လေ့လာ ဆည်းပူးနိုင်ရေးနှင့် လူငယ်အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံပြီး ပူးပေါင်းလေ့လာသင်ယူနိုင်သည့် ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာကို ဧပြီလ(၂၈)ရက်နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး စာကြည့်တိုက်၊ အနုပညာ ခန်း၊ ဂီတနှင့်ပန်းချီခန်း၊ သက်မွေးသင်တန်းခန်း၊ GYM အားကစားခန်းနှင့် ဘက်စုံသုံးခန်းမများ ပါဝင် ကြောင်း၊ လူငယ်များ၏ဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူငယ်လူရွယ် ကျောင်းသား/သူများအနေဖြင့် နွေရာသီကျောင်းပိတ်ကာလ အားလပ်ရက်တွေမှာ အချိန်ကို အကျိုးရှိစွာ အသုံးချဆောင်ရွက်တတ်စေရန် တစ်မျိုးသားလုံး လူထုလှုပ်ရှားမှု အသွင်သဏ္ဍာန်ဖြင့် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့် မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားစေခြင်းဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားကဏ္ဍနှင့် အမျိုးသား အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ ဗီဇပါရမီရင့်သန်ပြီး အောင်မြင်မှုအလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေမှာဖြစ်ကြောင်းနှင့် နွေရာသီ အဆင့်မြင့် အားကစားသင်တန်းမှရရှိလာမည့် နည်းစနစ်များ၊ကျွမ်းကျင်မှုများကိုအခြေခံပြီး စဉ်ဆက်မပြတ် ကြိုးစားလေ့ကျင့်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အားကစားနည်းအလိုက် သင်တန်းသား/သူများက အားကစားသစ္စာအဓိဌာန် (၄)ချက် အား သံပြိုင်ရွတ်ဆို အလေးပြုခဲ့ကြသည်။ ၎င်းနောက် နွေရာသီအဆင့်မြင့် အားကစားသင်တန်းတွင် သင်ကြားသွားမည့် အားကစားဘာသာရပ်များဖြင့်သည့် အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ကရာတေးနှင့် Fitness Dance အဖွဲ့လိုက် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေရာသီအဆင့်မြင့်အားကစားသင်တန်း အတွက် သင်တန်းအထောက်အကူပြု အားကစားပစ္စည်းများနှင့် ဖျော်ဖြေတင်ဆက်ခဲ့သည့် သရုပ်ပြအဖွဲ့ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်း၌ ဟော်ကီအားကစားနည်းတွင် သင်တန်းသား/သူ (၅၀)ဦး၊ ဘောလုံးအားကစားနည်းတွင် သင်တန်းသား/သူ(၂၈၀)ဦး၊ အေရိုးဗစ်နှင့် Fitness Dance အားကစားနည်းတွင် သင်တန်းသား/သူ(၁၀၀)ဦး၊ ကရာတေးအားကစားနည်းတွင် သင်တန်းသား/သူ(၁၀၀)ဦး၊ ဘတ်စကက်ဘောအားကစားနည်းတွင် သင်တန်းသား/သူ(၆၀)ဦး၊ မြန်မာ့ သိုင်းအားကစားနည်းတွင် သင်တန်းသား/သူ(၅၀)ဦး၊ ဖူဆယ်အားကစားနည်းတွင် သင်တန်းသား(၃၀)ဦး၊ တင်းနစ်အားကစားနည်းတွင် သင်တန်းသား/သူ(၃၀)ဦးနှင့် ကြက်တောင်အားကစားနည်းတွင် သင်တန်း သား/သူ(၅၀)ဦး၊ စုစုပေါင်း(၇၅၀)ဦးအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်ရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ စောင်း၊ တယော၊ နှဲ၊ ပုလွေ၊ စန္ဒယား၊ မယ်ဒလင်၊ မြန်မာဂီတာစသည့် နွေရာသီ အတီးဘာသာရပ်သင်တန်း ဖွင့်လှစ်ထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။