Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ နှစ်(၅၀)မြောက် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ နှစ်(၅၀)မြောက် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၅

======================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘာပေါ်ရှိတဲ့လူသားများ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလာရာ စက်ရုံအလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံတိုးချဲ့ ထုတ်လုပ်လာခြင်းနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲလာသည့်အတွက် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုပြဿနာတွေ သိသိသာသာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ဒီပြဿနာ တွေကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့နိုင်ငံ များက ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကုလသမဂ္ဂမှ ကြီးမှူးပြီး ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင် ညီလာခံကြီး (United Nation Conference on Human Environment) ကို ကျင်းပခဲ့တဲ့အတွက် နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ယခုအခါ နှစ်(၅၀)ပြည့်မြောက်ပြီဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို  “တစ်ခုတည်းသော ကမ္ဘာမြေ (Only One Earth)” ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာကြီးပေါ်မှ အကန့်အသတ်ဖြင့်သာ ရရှိနိုင် သည့် အရင်းအမြစ်များအား ထိန်းသိမ်းကာကွယ်ရန်လိုအပ်ကြောင်း၊ ပြည်သူလူထုအကြား ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာများ တိုးတက်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် လူသားများအားလုံး မှီတင်းနေထိုင်တဲ့ကမ္ဘာကြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရန်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရေး လူသားတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အသိစိတ်ဓာတ်ရှိရှိနဲ့ တက်တက် ကြွကြွ ပူးပေါင်းပါဝင် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ ဒုတိယ ဆုနှင့် တတိယဆု ရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ ရေးရာကြီး ဦးတင်သိန်းကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြပြီး ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့သည်။

အခမ်းအနားသို့ တို်ငးဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆုရကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။