ပဲခူး အောက်တိုဘာ ၇
ပဲခူးမြို့၊ တောင်ငူလမ်းနှင့်ဆေးရုံလမ်းထောင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၌ အောက်တိုဘာလ (၇)ရက်နေ့၊ နံနက်ပိုင်းက ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard) စိုက်ထူခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard) စိုက်ထူခြင်း ဖွင့်ပွဲအခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိန်ဝင်းနှင့် ရပ်မိရပ်ဖ ဦးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)အား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် တို့က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ဖျော်ဖြေပေးခဲ့သည့် ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ တိုင်းရင်းသားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)၌ “၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” ဟု ဖြစ်ပြီး ယင်း မြေစိုက်ပိုစတာ(Billboard) စိုက်ထူပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ သားဖွား သင်တန်းကျောင်းမှ သင်တန်းသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။