Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၆

===================

          ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းသင်တန်းကျောင်း၌ ဇူလိုင်လ(၅)ရက်နေ့၊ နံနက်ပိုင်းက အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူအများစုသည် စိုက်ပျိုးရေးနှင့်‌ မွေးမြူရေးကို မှီခိုရပ်တည်လျက်ရှိကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ (GAap)စနစ်ဖြင့် မွေးမြူထုတ်လုပ်မှသာ ဘေးကင်း လုံခြုံသော အစားအစာများသည် အန္တရာယ်ကင်းပြီး အာဟာရပြည့်ဝ မှာဖြစ် ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် လူသားတို့၏ ပယောဂကြောင့် ငါးထုတ်လုပ် မှုများ ထိခိုက်လျော့နည်းလာသဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း ငါးထုတ်လုပ်မှု ပိုမိုတိုးမြှင့် ထုတ်လု်ပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသင်တန်းတွင် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုး သားဖောက်ခြင်း၊ ငါးကန်များပြင်ဆင်ခြင်း၊ မျိုးငါးများရွေးချယ်ခြင်း၊ ငါးမှုံငါးသန်ပြုစုခြင်း၊ ငါးမွေးမြူခြင်း၊ ငါးစာကျွေးခြင်း၊ ငါးရောဂါနှင့် ရေအရည်အသွေးတိုင်းတာခြင်း၊ မွေးမြူရေးငါး ဆေးထိုးသားဖောက်ခြင်း စသည့် သင်ခန်းစာများအား စာတွေ့၊လက်တွေ့ သင်ကြားပို့ချမည်ဖြစ်၍ ကြိုးစားသင်ယူစေလိုကြောင်းနှင့် မြန်မာ့တိုင်းရင်းငါးမျိုးစိတ်များကိုလည်း သိပ္ပံနည်းကျ စနစ်တကျ မွေးမြူ နိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

          ထို့နောက် သင်တန်းကျောင်းတာဝန်ခံ ဒေါ်စန်းစန်းလှိုင်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်း သား/သူတို့နှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းတွင် လက်တွေ့သင်ကြားမည့် ငါးသားပေါက်များဖြစ်သော ငါးဖယ်အောင်း၊ ရွှေဝါငါးကြင်း၊ တီလားဗီးယား၊ ငါးမြစ်ချင်း၊ ငါးပြေမ၊ တောင်ပေါ် ငါးသားလောက်၊ ငါးခုံးမကြီးတို့အား ငါးမွေးကန် အတွင်းပြုစုထားရှိမှုနှင့် မျိုးငါးများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်း အား ဇူလိုင်လ(၅)ရက်နေ့မှ ဇူလိုင်လ(၆)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကာ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်း(၁၂)ဦး၊ ပဲခူး တက္ကသိုလ်မှ Zoology Major ဒုတိယနှစ် ကျောင်းသား/သူ(၂၁)ဦးနှင့် ပြင်ပငါးလုပ်ငန်းရှင်(၃)ဦး စုစုပေါင်း(၃၆)ဦးကြောင်း တက်ရောက်သင်ကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော် ကြီး ဂန္ဓကုဋိတိုက် လျှပ်စစ်လုပ်ငန်း၊ ခေတ်မီအဆင့်မြင့် မျက်နှာကျက်တပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကာ အလှူငွေကျပ်သိန်း(၃၀) ပေးအပ်လှူဒါန်းခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချု်ပနှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပဲခူးမြို့အတွင်း ရန်ကုန်-မန္တလေးလမ်းဘေး ကွန်ကရစ်ရေမြောင်းနှင့် လူသွားလမ်း ပလပ်ဖောင်း ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေး၊ ရေမြောင်း ပိတ်ဆို့မှုမရှိစေရေး၊ အရိပ်ရသစ်ပင်စိုက်ပျိုးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။