Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ အဂတိလိုက်စားလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူးမြို့၌ အဂတိလိုက်စားလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး မတ် ၂၉

============

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက အဂတိလိုက်စားလိုက်စားမှု တိုက်ဖျက် ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ အဂတိလိုက်စားမှု မြောက်နိုင်တဲ့ ကိစ္စရပ်တွေကို သိရှိနားလည်နိုင်မှာဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို သိရှိနားလည်၍အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်ရာမှာ အဟန့်အတား ပြုနိုင်တဲ့ ရောဂါဆိုးတစ်ခုလို့ ဆိုရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဟာ လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တ တွေ ပျက်စီးလာပြီး မျှတမှုရှိတဲ့ ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းလာနိုင်ပြီး နိုင်ငံအနေနဲ့ လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟမှုများခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံ၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုတွေကို ယိုယွင်းပျက်စီးနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း သည် အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော်ရာမှာ အဓိကအရေးပါသူများဖြစ်သလို  နိုင်ငံတော် အစိုးရနှင့် ပြည်သူများအကြား  ယုံကြည်မှုတည်ဆောက်ရာမှာ အရေးပါတဲ့ ပေါင်းကူးတံတားသဖွယ်ပင် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ / တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသား ရင်သား မခွဲခြားဘဲ မျှတစွာဆောင်ရွက်ရန်ဖြစ်ပြီး အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများ အပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများရဲ့ ပုံရိပ်ကောင်းမွန်လာမှာကာ အဂတိကင်းရှင်းတဲ့ နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရနဲ့ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တစ်ခုကို အကောင်အထည် ဖော် တည်ဆောက်ရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ အဂတိလိုက်စားမှုကို လုံးဝလက်သင့် မခံတဲ့ လူမှုအသိုက်ဝန်းတစ်ခု ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပြည်သူလူထုအားလုံး လက်တွဲညီညီ ပါဝင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အနေနဲ့ကလည်း ယခုအခမ်းအနားမှရရှိမည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းတဲ့ အသိအမြင် ဗဟုသုတများကို မိမိမှတဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်မှာ မိမိ ကိုယ်တိုင် ပါဝင်ကြဖို့နဲ့ မိမိကစပြီး အဂတိလိုက်စားမှုကို ငြင်းဆိုဖို့ တိုက်တွန်းပြောကြားခဲ့သည်။

          ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

              ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြား ခဲ့ကာ တက်ရောက်လာကြသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်းခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

          ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။