Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်း အမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်း အမှတ် အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၆

==================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ (World AIDS Day) အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ တိုင်းဒေသကြီးအတွင်း HIV/AIDS ဆိုင်ရာ ကျန်းမာရေးအသိပညာများမြှင့်တင်ပေးရန်နှင့် ပြည်သူလူထု တစ်ရပ်လုံး နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ပြီး HIV ပိုးရှိသူများ လုံးဝကင်းစင်ပပျောက်သွားသည်အထိ ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ HIV ပိုးရှိလူနာများအား ပြုစုကုသစောင့်ရှောက်ခြင်းအား ပြည်တွင်း နှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူလူထုနှင့်ပူးပေါင်း၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တိကျခိုင်မာသော သတင်းအချက်အလက်များ ရရှိနိုင်ရေးနှင့် ဆန်းစပ်လေ့လာနိုင်ရေး တိုးမြှင့်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့ခုခံအား ကျဆင်းမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “AIDS ပပျောက်ဖို့၊ မညီမျှမှုများ လျှော့ချလို့၊ အားလုံးပူးပေါင်းဆောင်ရွက်စို့” ဖြစ်ကာ ဝေဒနာရှင်များအား လူတိုင်းလက်လှမ်းမီရရှိနိုင်သော အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိစေရေး၊ ခွဲခြားနှိမ့်ချမှုကင်းစင်ရေး၊ AIDS နှင့်ဆက်နွယ်သော သေဆုံးမှု လျော့ချရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမှာဖြစ်ပြီး ၂၀၃၀ ခုနှစ်အကုန်တွင် HIV ပိုး ကူးစက်မှုကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် အားလုံးပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့၊ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် လူမှုရေးအသင်းအဖွဲ့များက HIV/AIDS ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်မှု မှတ်တမ်းဗွီဒီယိုအား ကြည့်ရှုခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် HIV/AIDS ရောဂါ ကာကွယ်ရေးသုံးကျန်းမာရေးပစ္စည်းများ၊ ကုသရေးသုံး ဆေးဝါးများနှင့် အသိပညာပေး စာစောင်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။