Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇန်နဝါရီ ၁၀

=======================

          ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/သူများ၏ ရိုးရာအကအဖွဲ့များအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီနိုင်ငံတော် တည်ဆောက်နိုင်ရေး အတွက် ထူးချွန်ထက်မြတ်သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွက်လာနိုင်စေရေး၊ တက္ကသိုလ်ဝင်တန်း‌ အောင်ချက်မြှင့်မားရေးနှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်ရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအား ရှင်းလင်းတင်ပြခဲ့သည်။

          ထို့နောက် ဗဟိုအဆင့် စာပေ၊ ဂီတ၊ အနုပညာပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စာပေ၊ ဂီတ၊ အနုပညာပြိုင်ပွဲများ ဆုရရှိကြ သူများအား အစိုးရအဖွဲ့ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် အမှတ်(၁) အခြေခံပညာကျောင်း ကျောင်းသား/သူလေးများက မင်္ဂလာပါ သီးချင်းဖြင့်လည်းကောင်း အခြေခံပညာ အထက်တန်းကျောင်းခွဲ(ကတွင်းခြံ)တို့မှ ကျောင်းသား/ကျောင်းသူလေးများက ဦးရွှေရိုးနှင့်ဒေါ်မိုးအကဖြင့် လည်းကောင်း အသီးသီးကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် အကအဖွဲ့များအား ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဆုရကျောင်းသား/ကျောင်းသူ လေးများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရာပြည့်ခန်းမ၌ ကျောင်းသား/ကျောင်းသူလေးများ၏ ဘာသာရပ်အလိုက် လက်တွေ့ သရုပ်ပြသနေမှု ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။