Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပဲခူး မေ ၂

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့် သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ Power Point လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေအား Power Point ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်ခိုင်စိုးက သန်းခေါင်စာရင်းမှ ရရှိနိုင်သည့် အချက်အလက်များနှင့်ပတ်သက်၍ Power Point ဖြင့် လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တက်ရောက်လာကြသူများ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းဆိုင်ရာ အသိပညာပေး TV SPOT အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးမောင်ကြည်ထံသို့ လူထုအသိပညာပေး အထောက်အကူပြုပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့သည်။

          ယင်းနောက် ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာနှင့် ၂၀၂၄ ခုနှစ်တွင်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် အထောက်အကူပြုပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး တက်ရောက်လာသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့် သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး စကားပြောကြားခဲ့သည်။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာလ(၁၅)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ ညသန်းခေါင်းယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် သတ်မှတ် ထားရှိကြောင်း သိရှိရသည်။ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအား (၁၀) နှစ်တစ်ကြိမ် ပုံမှန်သန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်ပြီး နိုင်ငံအတွက် တိကျမှန်ကန်သော လူဦးရေနှင့် လူမှု စီးပွားရေးဆိုင်ရာ စာရင်းအင်း အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိစေရန်၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများအား နှိုင်းယှဉ် လေ့လာ သုတေသနပြုပြီး လိုအပ်သော မူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်စေရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည်ဖော် ရာတွင် လိုအပ်သော အညွှန်းကိန်းများ ပံ့ပိုးပေးနိုင်ရန်နှင့် မြန်မာနိုင်ငံအမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်ချက် ဖြင့် ကောက်ယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။